ဆယ်စုနှစ် တစ်ခုအကြာ လက်တွဲခဲ့တဲ့ ရီးယဲလ် မက်ဒရစ်အသင်းကို ကျောခိုင်းပြီး ဆော်ဒီ ပရိုလိဂ် ကလပ် အယ်လ် အစ်တီဟတ်အသင်းဆီ ပြောင်းရွှေ့လာခဲ့တဲ့ ပြင်သစ် ဝါရင့် တိုက်စစ်မှူးကြီး ကာရန် ဘန်ဇီမာ ကတော့ ဆော်ဒီမြေ က သူရဲ့ ပွဲဦးထွက် ပွဲစဉ်မှာ သွင်းဂိုးတစ်ဂိုး ဂိုးဖန်တီးမှု တစ်ကြိမ်နဲ့ အလှပဆုံး တာထွက်နိုင်ခဲ့ရပါတယ်။

Photo Credit : Sky Sports

ဘာလွန်းဒေါ ဆုရှင်ဟောင်း ဘန်ဇီမာက သူ့ကစားသမားဘဝရဲ့ အချိန် တော်တော်များများကို ရီးယဲလ်အသင်းမှာပဲ မြှပ်နှံထားခဲ့တာဖြစ်ပြီး ရီးယဲလ်နဲ့လည်း ရယူနိုင်သမျှ ဆုဖလား အားလုံးကိုပါ ဆွတ်ခူးနိုင်ခဲ့ရသလို တစ်ဦးချင်း အောင်မြင်မှုပေါင်း များစွာကိုလည်း ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။ ဒါပေမယ့် အသက်အရွယ်အားဖြင့် (၃၅)နှစ်အရွယ်ကို ရောက်လာချိန်မှာတော့ ဘန်ဇီမာ က ရီးယဲလ်နဲ့ သက်တမ်း ထပ်မတိုးတော့ပဲ သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ဆော်ဒီကလပ် အယ်လ် အစ်တီဟတ်အသင်းဆီ ပြောင်းရွှေ့ဖို့သာ ဆုံးဖြတ်လိုက်ပါတယ်။

Photo Credit : Daily Sabah

အယ်လ် အစ်တီဟတ်ကတော့ စပါး နဲ့ ဝုလ်ဗ် နည်းပြဟောင်း နူနို ဆန်းတို့စ် ကိုင်တွယ်နေတဲ့ ဆော်ဒီ ပရိုလိဂ် လက်ရှိ ချန်ပီယံအသင်း ဖြစ်ပြီး ဘန်ဇီမာနဲ့အတူ ကန်တေ ဂျိုတာတို့ကိုလည်း ခေါ်ယူထားပြီး မကြာခင်မှာလည်း ဖာဘင်ဟိုကိုပါ ထပ်မံ ခေါ်ယူနိုင်တော့မှာပဲ ဖြစ်ပါတယ်။ ဒီအသင်းဟာ မနေ့ညတုန်းက အာရပ် ကလပ် ချန်ပီယံရှစ်ဆိုတဲ့ ပြိုင်ပွဲတစ်ခု ဆင်နွဲရင်း ဘန်ဇီမာ နဲ့ ဂျိုတာတို့ကို ပွဲထွက် ကစားသမားစာရင်းမှာ အသုံးပြုလာခဲ့ပြီး ကန်တေကိုတော့ ဒုတိယပိုင်းမှသာ ထည့်သွင်း အသုံးပြုသွားခဲ့ပါတယ်။

Photo Credit : Sport Brief

အဲ့ဒီပွဲစဉ်ကို အယ်လ် ဟီလယ်အသင်းရဲ့ အိမ်ကွင်း King Fahd ကွင်းမှာ မော်ရိုကို ကလပ်အသင်းနဲ့ ရင်ဆိုင် ကစားခဲ့ရတာဖြစ်ပြီး မော်ရိုကို ကလပ်က ပွဲကို ဦးဆောင်ထားခဲ့ပေမယ့်လည်း ဘန်ဇီမာရဲ့ ဂိုးဖန်တီးမှုကနေ အယ်လ် အစ်တီဟတ်အသင်း ချေပဂိုး ပြန်ရခဲ့သလို ဒုတိယပိုင်း ပြန်စပြီး (၁၀)မိနစ်ခန့် အကြာမှာတော့ ဘန်ဇီမာ ကိုယ်တိုင်ပဲ comeback အနိုင်ဂိုးကို သွင်းယူပေးရင်း အသင်းအတွက် နိုင်ပွဲတစ်ပွဲကို ဖော်ဆောင်ပေးခဲ့သလို ဘန်ဇီမာ အတွက်လည်း အဖွင့်လှသွားခဲ့ရပါတယ်။

Featured Photo : Harian Metro