အီတလီ အခြေစိုက် Il Corriere dello Sport သတင်းမီဒီယာကနေ ထုတ်ပြန်ထားတဲ့ သတင်းတွေအရ စပယ်ရှယ်ဝမ်း နည်းပြ ဂျိုဆေး မော်ရင်ဟိုကို ဆော်ဒီအာရေဗျ လက်ရွေးစင်အသင်းအပြင် ဆော်ဒီကလပ် အယ်လ်နာဆာအသင်းကပါ အသင်းနည်းပြအဖြစ် ခန့်အပ်သွားချင်နေပြီး တစ်နှစ်လုပ်ခ ယူရိုသန်း(၁၀၀)ကျော်ပမာနဲ့ ကမ်းလှမ်းကြဖွယ် ရှိနေတယ်လို့ သိရပါတယ်။

Photo Credit : AS USA-Diario AS

ကနဦးပိုင်းမှာတော့ ဘောလုံးလောကရဲ့ GOAT တစ်ဦးဖြစ်သူ ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ခေါ်ယူထားတဲ့ အယ်လ်နာဆာအသင်းက ဒီရာသီအကုန်မှာ နည်းပြ ရူဒီ ဂါဆီယာနဲ့ လက်တွဲဖြုတ်သွားဖို့ အစီအစဉ် ရှိနေပြီး သူ့နေရာမှာ မော်ရင်ဟိုနဲ့ ပြန်လည် အစားထိုးသွားချင်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဆော်ဒီ လက်ရွေးစင်အသင်းကပဲ လက်ရှိမှာ လစ်လပ်နေတဲ့ အသင်းနည်းပြအတွက်ပါ ရိုးမားနည်းပြ မော်ရင်ဟိုကို ချိန်ရွယ်လာခဲ့ပါတယ်။

Photo Credit : Football365

တကယ်လို့ မော်ရင်ဟိုသာ ရိုးမားကနေ အယ်လ်နာဆာအသင်းဆီ ပြောင်းရွှေ့ဖြစ်မယ်ဆိုရင်တော့ တချိန်တုန်းက ရီးယဲလ် မက်ဒရစ်အသင်းမှာ လက်တွဲခဲ့ဖူးတဲ့ တပည့်ဟောင်း ရော်နယ်လ်ဒိုနဲ့ တစ်သင်းတည်း ပြန်ဆုံသွားမှာဖြစ်ပြီး ဆော်ဒီအသင်းရဲ့ ကမ်းလှမ်းမှုကတော့ မော်ရင်ဟိုကိုယ်တိုင် ပေါ်တူဂီ ဘရာဇီးလ်အသင်းတွေရဲ့ ကမ်းလှမ်းမှုတွေကိုတောင် စိတ်ဝင်စားခြင်း ရှိခဲ့တာမဟုတ်လို့ ဆော်ဒီနည်းပြအဖြစ် ဆောင်ရွှက်ဖို့ကိုလည်း စိတ်ဝင်စားဖွယ် မရှိနိုင်လောက်ဘူးလို့ ယူဆမိပါတယ်။

Photo Credit : DAZN

ဒါပေမယ့် ဆော်ဒီအသင်းတွေရဲ့ ငွေကြေး သုံးစွဲနိုင်မှုတွေက တကယ်ကို ကြောက်ခမန်းလိလိ ဖြစ်နေတာကြောင့် ငြင်းရခက်ခဲနိုင်တဲ့ ကမ်းလှမ်းမှုတွေနဲ့ မော်ရင်ဟိုကို ကမ်းလှမ်းလာတဲ့အခါ မော်ရင်ဟို ငြင်းဆန်သွားနိုင်ပါ့မလားဆိုတာ စိတ်ဝင်စားစရာပါ။ မကြာသေးခင်ကမှ စပိန်ဘက်ကနေ ထွက်ပေါ်နေတဲ့ သတင်းတွေအရဆိုရင်လည်း မော်ရင်ဟိုကို ဆော်ဒီအသင်း ဆော်ဒီကလပ် တွေအပြင် သူ့အသင်းဟောင်း ချဲလ်ဆီးကလည်း အသင်းဆီကို တတိယအကြိမ်မြောက်အဖြစ် ထပ်မံ ခေါ်ဆောင်သွားဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ ဒါကြောင့် မော်ရင်ဟိုအနေနဲ့ ဒီရာသီအကုန်မှာ သူရဲ့အနာဂတ်အတွက် ဘယ်လို ဆုံးဖြတ်ချက်တွေ ချမှတ်သွားမလဲဆိုတာ စောင့်ကြည့်သွားရပါလိမ့်မယ်။

Featued Photo : Goal