ချန်ပီယံရှစ် ပြိုင်ပွဲက ပြိုင်ပွဲဝင် အသင်းပေါင်း (၂၄)သင်းအထိ ရှိတာကြောင့် တစ်ရာသီအတွင်းမှာ စုစုပေါင်း ပွဲ (၄၆)ပွဲအထိ ကစားရပါတယ်။ အခုကတော့ ပွဲစဉ် (၄၄) အထိ ယှဉ်ပြိုင်ထားခဲ့ ပြီးပါပြီ။ ဒါပေမယ့် အသင်းတိုင်းကတော့ (၄၄)ပွဲလုံး ကစားရသေးတာမျိုး မရှိသေးပဲ (၄၃)ပွဲ ကစားထားရသေးတာတို့ (၄၂)ပွဲ ကစားထားရသေးတာတို့ ဖြစ်နေပါတယ်။ အဲ့ဒီထဲမှာမှ ဘန်လေ က (၄၃)ပွဲ ကစားထားပြီး ဒုတိယနေရာက ရှက်ဖီးအသင်းထက် တစ်ပွဲပို ကစား (၁၀)မှတ် ဖြတ်တောက်ထားနိုင်ပါတယ်။

Photo Credit : Twitter

ဘန်လေအသင်းက ရာသီအကုန်ထိ မကစားရသေးခင်မှာပဲ ပရီးမီးယားလိဂ်ဆီ ပြန်လည် တတ်လှမ်းခွင့်ကို ရရှိထားနိုင်ခဲ့ပါတယ်။ လက်ရှိ အခြေအနေအရ ဆိုရင်လည်း ဘန်လေက ချန်ပီယံရှစ်မှာပါ ချန်ပီယံ ဆုဖလားကို ပိုင်ဆိုင်ဖို့ လုံးဝ အခြေအနေကောင်းနေရပါတယ်။ ဒါပေမယ့် ဘန်လေရဲ့ နောက်ပိုင်း ပွဲစဉ် ရလဒ်တွေက ထူးခြားမှုတွေ ဖြစ်ပေါ်နေရပါတယ်။ အမှတ်ပေးဇယား အောက်ခြေနားက အသင်းတွေနဲ့ ရင်ဆိုင်ရချိန်တွေမှာ ဘန်လေ ရဲ့ ရလဒ်တွေဟာ ကောင်းမွန်ခြင်း မရှိခဲ့ပဲ (၃)ပွဲလုံး နိုင်ပွဲ ပျောက်ဆုံးထားခဲ့ရပါတယ်။

Photo Credit : Twitter

ရက်ဒင်းအသင်းနဲ့ အဝေးကွင်းမှာ ဂိုးမရှိ သရေကျတယ်။ ရော့သာဟမ်နဲ့ အဝေးကွင်းမှာလည်း (၂)ဂိုးစီ သရေကျတယ်။ ဒါထက် ပိုဆိုးတာကတော့ မနေ့က QPR အသင်းကို အိမ်ကွင်း Turf Moor မှာ ဧည့်ခံကစားတဲ့ ပွဲစဉ်မှာ (1-2) နဲ့ ရှုံးသွားခဲ့တာပါ။ ဒီပွဲမတိုင်ခင်မှာ ဘန်လေက ဒီရာသီ Turf Moor မှာ ကစားထားသမျှ ချန်ပီယံရှစ် ပွဲတွေထဲ တစ်ပွဲမှကို မရှုံးထားပဲ အိမ်ကွင်းရလဒ် အကောင်းဆုံး အသင်းအဖြစ် ရပ်တည်နိုင်ခဲ့သလို QPR ဟာဆိုရင်လည်း အဝေးကွင်းမှာ နိုင်ပွဲ(၅)ပွဲသာ ရှိထားတဲ့အထိ အဝေးကွင်း form က အားရစရာ အနေအထားမှာ ရှိမနေတဲ့ အသင်း ဖြစ်နေပါတယ်။

အခုဆိုရင်တော့ ဒီလို ရလဒ်တွေ ဆက်တိုက် ရရှိနေတဲ့ ဘန်လေ ကို EFL (English Football League) ကနေ လုပ်ပွဲတွေများ ကစားနေသလားဆိုပြီး စုံစစ် စစ်ဆေးမှုတွေ စတင် လုပ်ဆောင်လာခဲ့ပြီ ဖြစ်ပြီး တကယ်လို့သာ လုပ်ပွဲ လုပ်ထားကြောင်း တွေ့ရှိခဲ့မယ်ဆိုရင်တော့ အမှတ်လျော့ချမှု ပြစ်ဒဏ်တွေ ချမှတ်ဖွယ် ရှိနေပါတယ်။

Featured Photo : Twitter