One-Night Stand ဆိုတဲ့ စကားလုံးကတော့ အခုခေတ်လူငယ်တွေ သိပ်မစိမ်းလောက်ဘူး ထင်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ဘာမှရှေ့ဆက်မနွယ်ပဲ တစ်ညတာလောက်ပဲ လိင်ဆက်ဆံ ပျော်ပါးဖို့အတွက် နှစ်ဦးသဘောတူ လုပ်ဆောင်တာကို One-Night Stand လို့ ခေါ်ပါတယ်။ One-Night Stand ဟာ အခုနောက်ပိုင်း လူငယ်တွေ ၊ Nightlife တွေမှာ ယဉ်ကျေးမှုတစ်ခုလိုတောင် ဖြစ်လာနေပြီး ဒီကနေတဆင့်လည်း ရောဂါပိုးကူးစက်ခံရသူတွေ အများကြီး ရှိနေပါတယ်။ ဆိုတော့ တစ်ညတာ ပျော်ပါး ဖို့အတွက် တစ်ဘဝစာ နဲ့ မလဲရလေအောင် One-Night Stand မယ်ဆိုရင် ဘေးကင်းမှုရှိစေဖို့ လိုက်နာရမယ့် အချက်လေးတွေကို မျှဝေပေးချင်ပါတယ်။

(၁) အကာအကွယ် သေချာပေါက် အသုံးပြုပါ

Photo : Aidsmap

တစ်ညတာ ပျော်ပါး ဖို့ One-Night Stand တော့မယ်ဆိုရင် အခြေခံအကျဆုံး လိုက်နာရမှာကတော့ ကွန်ဒုံး အကာအကွယ် အသုံးပြုဖို့ပါပဲ။ ကြိုတင်မျှော်လင့်မထားတဲ့ ကိုယ်ဝန်နဲ့ လိင်မှတဆင့်ကူးစက်တက်တဲ့ ရောဂါပိုးတွေကို ကာကွယ်တားဆီးနိုင်ဖို့ ကွန်ဒုံးတွေကတော့ မဖြစ်မနေ အသုံးပြုရမှာ ဖြစ်ပါတယ်။ အလားတူ ပါးစပ်နဲ့ ချစ်တင်းနှောမယ် ဆိုရင်လည်း Dental Dam လို့ ပါးစပ်အကာအကွယ်တွေကို သေချာပေါက် အသုံးပြုပေးဖို့ လိုပါတယ်။

(၂) ပါတနာနဲ့ ပွင့်လင်းစွာ ပြောဆိုပါ

Couple Photo : Muscle & Fitness

အခုမှစတွေ့တဲ့ လူတစ်ယောက်ကို အပေါ်ယံကြည့်ပြီး ဘာကိုမှ ဆုံးဖြတ်လို့မရတာ အမှန်ပါပဲ။ လူတစ်ယောက်ရဲ့ ရုပ်ရည် ၊ ပင်ကိုယ်စရိုက်လက္ခဏာ စတာတွေ ဘယ်လောက်ပဲ ကောင်းနေပါစေ ရောဂါပိုး ၁၀၀ ရာခိုင်နှုန်း ကင်းရှင်းမှု ရှိမရှိဆိုတာ ဘယ်သူမှ တပ်အပ် မပြောနိုင်ပါဘူး။ ဒါကြောင့် ဘေးကင်းလုံခြုံမှု ရှိစေဖို့ ပါတနာရဲ့ လိင်မှုဆိုင်ရာ လှုပ်ရှားမှု ရာဇဝင်ကိုတော့ သိထားဖို့ လိုပါမယ်။ တစ်ညတာ မပျော်ပါးခင်မှာ တစ်ယောက်နဲ့တစ်ယောက် လိင်မှုဆိုင်ရာ လှုပ်ရှားမှု ရာဇဝင်ကို ပွင့်လင်းစွာ ပြောပြခြင်းဟာ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်လေးစားမှုရှိရှိနဲ့ Safe ဖြစ်တဲ့ အခိုက်အတန့်ကောင်းတစ်ခုကို ရရှိစေဖို့ များစွာ အထောက်အကူ ဖြစ်စေပါလိမ့်မယ်။

(၃) HPV ကာကွယ်ဆေး ထိုးပါ

Photo : OnlyMyHealth

Human Papillomavirus သို့မဟုတ် HPV ကတော့ အဖြစ်အများဆုံး လိင်မှတဆင့် ကူးစက်တက်တဲ့ ရောဂါပိုး STIs တစ်ခု ဖြစ်ပါတယ်။ One-Night Stand ယဉ်ကျေးမှုကနေလည်း Human Papillomavirus သို့မဟုတ် HPV ဟာ ကူးစက်ခံရမှု အများဆုံးဖြစ်တယ်လို့ လေ့လာမှုမှတ်တမ်းတွေက ဖော်ပြထားပါတယ်။ ကြိုတင်ကာကွယ်ခြင်းဟာ ကုသမှုထက် ပိုထိရောက်ကောင်းမွန်တာကြောင့် One-Night Stand သည်ဖြစ်စေ ၊ မထင်မှတ်ပဲ တစ်ညတာ ပျော်ပါး ဖို့ဖြစ်လာရင်ပဲ ဖြစ်စေ ရောဂါကူးစက်ခံရမှုကို အတိုင်းအတာတစ်ခုအထိ လျှော့ချကာကွယ်နိုင်ဖို့ Human Papillomavirus သို့မဟုတ် HPV ကာကွယ်ဆေး ထိုးထားသင့်ပါတယ်။

လိင်မှုဆိုင်ရာ တက်ကြွလှုပ်ရှားသူတွေအနေနဲ့တော့ ပုံမှန်ကျန်းမာရေး စစ်ဆေးမှုတွေကို ခံယူသင့်ပြီး အကယ်၍ လိင်မှတဆင့် ကူးစက်တက်တဲ့ ရောဂါပိုး ကူးစက်ခံရနိုင်ခြေရှိတယ်လို့ သံသယရှိပါက သို့မဟုတ် အန္တရာယ်ရှိတဲ့ လိင်မှုဆိုင်ရာ လှုပ်ရှားမှုတစ်စုံတစ်ရာ လုပ်ဆောင်မိပါက နာရီပိုင်းအတွင်း နားလည်တက်ကျွမ်းတဲ့ ဆရာဝန်နဲ့ သွားရောက်တိုင်ပင်ပြီး PrEP နဲ့ PEP ဆေးတို့လို ဆေးဝါးတွေကို အချိန်မှီ သောက်သုံးပေးဖို့ လိုအပ်ပါတယ်။

Source : Healthshots

Featured Photo : mosaic-lille.fr