ဒီကနေ့မှာတော့ ဘောလုံးပရိသတ်တွေ စိတ်ဝင်စားမှု အများဆုံး ရရှိထားတဲ့ အင်္ဂလန် ပရီးမီးယားလိဂ် ပြိုင်ပွဲကြီးရဲ့ သက်တမ်းတစ်လျှောက် ပြောင်းရွှေ့ကြေး အမြင့်ဆုံး ကစားသမား (၅)ဦးအကြောင်းကို ဖော်ပြပေးသွားချင်ပါတယ်။ ဒါဆို နံပါတ် (၅)နေရာကနေ စတင်ပါမယ်ခင်ဗျာ။

(၅) အန်တိုနီ

Photo Credit : Sky Sports

နံပါတ် (၅)နေရာမှာ ရှိနေသူကတော့ ဘရာဇီးလ် တောင်ပံ ကစားသမားလေး အန်တိုနီပါ။ ဒီနှစ်နွေကမှ အေဂျက်စ်ကနေ သူရဲ့ဆရာဟောင်း တန်ဟက်ဂ်ရှိရာ မန်ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့လာခဲ့တဲ့ အန်တိုနီရဲ့ ပြောင်းရွှေ့ကြေးဟာ ယူရို (၉၅)သန်းအထိ ရှိနေပါတယ်။

(၄) ပေါ့ဘာ

Photo Credit : Sky Sports

နောက်တစ်ဦးကလည်း မန်ယူနိုက်တက် ကစားသမားပါပဲ။ ဒါပေမယ့် လက်ရှိကတော့ ဂျုဗင်တပ်စ်ကို ရောက်ရှိနေပါတယ်။ သူကတော့ ပေါလ် ပေါ့ဘာပါ။ ပေါ့ဘာကို ဂျုဗင်ဆီကို အလွတ်နဲ့ လက်လွတ်လိုက်တဲ့ ယူနိုက်တက်ဟာ (၄)နှစ်အကြာမှ အသင်းဆီ ပြန်လည် ခေါ်ယူဖို့အတွက် ယူရို (၁၀၅)သန်းအထိ အသုံးပြုခဲ့ရပြီး (၆)နှစ်အကြာမှာ နောက်ထပ် free transfer နဲ့ပဲ ဂျုဗင်ဆီ ပြန်ပို့ခဲ့ပါတယ်။

(၃) လူကာကူ

Photo Credit : The Times

အင်တာမီလန်မှာ အတော်လေး ခြေစွမ်းပြနေတဲ့ ကစားသမားဟောင်း လူကာကူကို အသင်းဆီ ပြန်လည် ခေါ်ဆောင်ဖို့အတွက် ချယ်လ်ဆီးက ပြောင်းရွှေ့ကြေး ယူရို (၁၁၃)သန်းတောင် သုံးစွဲခဲ့ရပါတယ်။ အဲ့ဒီအချိန်တုန်းက ဟာလန်းကို ခေါ်ယူဖို့ ကြိုးစားတာ မအောင်မြင်ခဲ့လို့ လူကာကူကိုပဲ အသုံးစရိတ် များစွာနဲ့ ခေါ်ယူခဲ့ရတဲ့ ချယ်လ်ဆီးရဲ့ ခေါ်ယူခဲ့က failed ဖြစ်သွားခဲ့တယ်လို့ပဲ ဆိုရပါမယ်။

(၂) ဂရီးလစ်ရှ်

Photo Credit : Sky Sports

အဆင့်(၂)နေရာမှာ ရှိနေတဲ့ ကစားသမားကတော့ ပရီးမီးယားလိဂ်က ဗြိတိန် ကစားသမားတွေထဲမှာ တန်ကြေး အမြင့်ဆုံးသူပါ။ သူကတော့ ဂျက် ဂရီးလစ်ရှ် ဖြစ်ပါတယ်။ ဗီလာကနေ မန်စီးတီးအသင်းဆီကို ယူရို (၁၁၇)သန်း ပေါင် သန်း(၁၀၀)နဲ့ ပြောင်းရွှေ့လာခဲ့သူ ဂရီးလစ်ရှ်ဟာ သူရဲ့ ပွဲဦးထွက် ရာသီမှာ ခြေစွမ်းမပြနိုင်ပေမယ့် ဒီရာသီမှာတော့ အတော်လေးကို တောက်ပနိုင်ခဲ့ပါတယ်။

(၁) အန်ဇို ဖာနန်ဒက်ဇ်

Photo Credit : We Ain’t Got No Histroy

ပြီးခဲ့တဲ့ ဆောင်းရာသီကမှ ဘင်ဖီကာကနေ ချယ်လ်ဆီးကို ရောက်ရှိလာခဲ့တဲ့ world champion ကွင်းလယ်ကစားသမား အန်ဇို ဖာနန်ဒက်ဇ်ကတော့ လက်ရှိ ပရီးမီးယားလိဂ်ရဲ့ တန်ကြေး အမြင့်ဆုံး ကစားသမားဖြစ်ပြီး သူ့အတွက် ချယ်လ်ဆီးက ယူရို (၁၂၁)သန်းတောင် သုံးစွဲခဲ့ရပါတယ်။ အန်ဇိုက ကမ္ဘာ့ဖလားမှာ အာဂျင်တီးနားနဲ့ တောက်ပခဲ့သူဖြစ်ပြီး ချယ်လ်ဆီး ကွင်းလယ်ပိုင်းမှာလည်း ရေရှည် အားထားရမယ့် ကစားသမား ဖြစ်လာနိုင်ပါတယ်။