ရီးယဲလ် မက်ဒရစ်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့လို ကမ္ဘာ့ထိပ်တန်း ကလပ်အသင်းကြီးတွေမှာ ပါဝင်ကစားခဲ့ဖူးသလို ပြင်သစ်လက်ရွေးစင် အသင်းကြီးနဲ့ပါ နိုင်ငံတကာပြိုင်ပွဲတွေအထိပါ ပါဝင် ဆင်နွဲခဲ့ရင်း အောင်မြင်မှုတွေလည်း ရယူနိုင်ခဲ့တဲ့ ကမ္ဘာ့အဆင့် နောက်ခံကစားသမားကြီး ရာဖယ်လ် ဗာရန်း ဟာ အခုတော့ အီတလီ စီးရီးအေပြိုင်ပွဲရဲ့ တန်းတက်ကလပ် ကိုမိုအသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ တရားဝင် ပြောင်းရွှေ့သွားခဲ့ပြီပဲ ဖြစ်ပါတယ်။

Photo Credit: UEFA.com

အသက် (၃၁)နှစ်သာ ရှိနေသေးတဲ့ ကမ္ဘာ့ချန်ပီယံဟောင်း ခံစစ်ကစားသမား ဗာရန်းအနေနဲ့ တကယ်ဆိုရင် ကိုမိုလို အသင်းမျိုးထက် ပိုမိုသာလွန်တဲ့ အသင်းတစ်သင်းသင်းဆီကို ရောက်သွားခဲ့သင့်ပေမယ့် အလွတ်နဲ့ပဲ ခေါ်ယူနိုင်မယ့် ဗာရန်းကို ဥရောပ ထိပ်သီးကလပ်တွေ မကြိုးပမ်းကြတာကတော့ သူရဲ့ fitness အခြေအနေကြောင့်လို့ပဲ မြင်မိပါတယ်။ ဆော်ဒီကလပ် မေဂျာလိဂ်ကလပ်တွေကတော့ ဗာရန်းလို ကစားသမားမျိုးကို free နဲ့ ရမယ့်အပေါ် လက်လွတ်မခံ ကြိုးပမ်းခဲ့ကြပေမယ့် ဗာရန်း ကိုယ်တိုင်ကတော့ မက်မောလောက်စရာ ကမ်းလှမ်းမှုတွေထက် ဘောလုံးသမားဟောင်း ဖာဘရီဂတ်စ် ကိုင်တွယ်နေတဲ့ ကိုမိုအသင်းဆီသာ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

Photo Credit: Calcio Mercato

ကိုမိုအသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ စီးရီးဘီပြိုင်ပွဲရဲ့ အမှတ်ပေးဇယားမှာ အဆင့်(၂)နေရာကို ရရှိခဲ့ရင်း စီးရီးအေပြိုင်ပွဲကြီးဆီကို တန်းပြန်တက်လာနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီအသင်းမှာ ဖာဘရီဂတ်စ်က ကစားသမားအဖြစ်ကနေ နည်းပြအဖြစ်ပါ ဆောင်ရွက်နေခဲ့တာဖြစ်ပြီး ဒီနွေဈေးကွက်မှာလည်း ဗာရန်း အပြင် အီတလီ တိုက်စစ်မှူး ဘယ်လော့တီ စပိန် ဝါရင့် ဂိုးသမားကြီး ရိန်နာနဲ့ ရိန်နာရဲ့ ဗီလာရီးယဲလ် အသင်းဖော် ဘယ်နောက်ခံလူ မော်ရီနိုတို့ကိုပါ ခေါ်ယူအားဖြည့်ထားခဲ့ပါသေးတယ်။ ဗာရန်းလို world class ကစားသမားကြီးတစ်ဦးကို ခေါ်ယူလိုက်နိုင်တာကတော့ ကိုမိုအသင်းအတွက် တကယ့်ကို dream transfer လို့တောင် သတ်မှတ်ရပါမယ်။

Photo Credit: Eurosport

ကစားသမားဘဝမှာ ချန်ပီယံလိဂ်ဖလား (၄)ကြိမ်အထိတောင် ရယူနိုင်ခဲ့ပြီး ပြင်သစ်အသင်းနဲ့လည်း ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်ခဲ့သေးတဲ့ ကမ္ဘာ့အကောင်းဆုံး ဗဟိုခံစစ်မှုးတွေထဲက တစ်ဦးဖြစ်သူ ဗာရန်း ဟာ သူရဲ့ ကလပ်အသင်းသစ် ကိုမိုနဲ့ (၂)နှစ် + (၁)နှစ် ထပ်တိုးခွင့် စာချုပ်ကို ချုပ်ဆိုခဲ့ပြီး ပြင်သစ် လီဂူးဝမ်း စပိန် လာလီဂါ အင်္ဂလန် ပရီးမီးယားလိဂ်တို့အပြီး အီတလီ စီးရီးအေမှာ ကစားသမားဘဝကို ဖြတ်သန်းသွားပါတော့မယ်။

Featured Photo: SKOR