တော့တင်တမ် ဟော့စပါးအသင်းနဲ့ စပါးအသင်းရဲ့ နည်းပြဖြစ်သူ အန်တိုနီယို ကွန်တီ တို့ဟာ ဒီကနေ့မှာပဲ (၂)ဖက်လုံးသဘောတူ အပြန်အလှန် နားလည်မှုနဲ့ လမ်းခွဲလိုက်ကြပြီဖြစ်ကြောင်း ကလပ်အသင်းဘက်ကနေ တရားဝင် ထုတ်ပြန် ကြေညာသွားခဲ့ပါတယ်။

Photo Credit : The Mirror

အသက်(၅၃)နှစ် နာမည်ကျော် အီတလီလူမျိုး ဘောလုံးနည်းပြ ကွန်တီ ဟာ ဂျုဗင်တပ်စ် အင်တာမီလန်နဲ့ ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးအသင်းနဲ့ အီတလီလက်ရွေးစင်အသင်းတို့ကို ကိုင်တွယ်ခဲ့ဖူးတဲ့ အတွေ့အကြုံကောင်းတွေ ပိုင်ဆိုင်ထားသူ နည်းပြတစ်ဦး ဖြစ်ပါတယ်။ ကွန်တီက ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ် နိုဝင်ဘာလမှာ စပါးအသင်းကို စတင် ကိုင်တွယ်ခဲ့တာဖြစ်ပြီး သူရဲ့ စပါးနည်းပြဘဝ ပထမဆုံးသော ဘောလုံးရာသီမှာပဲ အသင်းကို ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

Photo Credit : Sky Sports

ကွန်တီက စပါးအသင်းနည်းပြအဖြစ် (၁၈)လစာချုပ်သာ ချုပ်ဆိုထားခဲ့တာဖြစ်လို့ အခုဘောလုံးရာသီအကုန်မှာအပဲ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပေမယ့် အသင်းက လက်ရှိမှာ ရှုံးထွက်ဖလားပြိုင်ပွဲတွေဖြစ်တဲ့ ချန်ပီယံလိဂ် အက်အေဖလားနဲ့ လိဂ်ဖလား အစရှိတဲ့ ပြိုင်ပွဲအားလုံးကနေ ထွက်ခွာထားခဲ့ရပြီး ပရီးမီးယားလိဂ်ဘက်မှာလည်း လက်ရှိ ရပ်တည်နေတဲ့ အဆင့်(၄)နေရာအတွက် အာမခံချက် သိပ်မရှိသလို ဖြစ်လာနေရတဲ့အပြင် ကွန်တီရဲ့ အသင်းနဲ့ ပတ်သတ်ပြီး ပြောဆိုမှုတွေဟာလည်း အသင်းတာဝန်ရှိသူတွေ အသင်းကစားသမားတွေ လက်မခံနိုင်စရာ ဖြစ်နေရတာကြောင့် စာချုပ်သက်တမ်း မပြည့်သေးချိန်မှာပဲ အခုလို လမ်းခွဲလိုက်ရတာ ဖြစ်နိုင်ပါတယ်။

Photo Credit : TEAMtalk

လက်ရှိမှာတော့ စပါးအသင်းက ကွန်တီရဲ့ လက်ထောက်နည်းပြဖြစ်သူ ခရစ္စတီယန်စတဲလ်လီနီကို အသင်းရဲ့ ယာယီနည်းပြအဖြစ် ရာသီကုန်အထိ တာဝန်ပေးထားလိုက်ပြီဖြစ်ပြီး စတဲလ်လီနီရဲ့ လက်ထောက်အဖြစ်ကိုတော့ စပါးအသင်းရဲ့ ကစားသမားဟောင်း တစ်ဦးလည်းဖြစ်ပြီး အသင်းကိုလည်း ယာယီ ကိုင်တွယ်ခဲ့ဖူးတဲ့ ရိုင်ယန်မေဆန်ကို တာဝန်ပေးသွားခဲ့ပါတယ်။ ကွန်တီ နေရာမှာ တိုက်ရိုက် ပြန်အစားထိုးမယ့် နည်းပြကိုတော့ အခုနှစ် ဘောလုံးရာသီအကုန်မှသာ စီစဉ်ဖွယ် ရှိနေပြီး အသင်းနည်းပြသစ်အဖြစ် မြင်တွေ့ရနိုင်ခြေ အရှိဆုံး ရေပန်းအစားဆုံး ဖြစ်နေသူကတော့ ဘိုင်ယန် နည်းပြဟောင်း နာဂယ်စမန်း ဖြစ်နေတယ်လို့ သိရပါတယ်။

Featured Photo : Sky Sports