အိမ်ကနေ လစ်ရင်လစ်သလို လျှောက်သွားတက်တဲ့ အသဲကျော် ပဲလှော် အာဝုလေးတွေ ပိုင်ဆိုင်ထားတဲ့ ကွီးတွေ ရှိပါသလား ? နည်းပညာ ခေတ်ကြီးထဲမှာ ကွီးတို့ရဲ့ အချစ်တော် အာဝုလေးတွေကို တစ်လမ်းဝင်တစ်လမ်းထွက် လိုက်ရှာစရာ မလိုတော့ပါဘူး။ Dog Tracker လို့ခေါ်တဲ့ GPS ပါတဲ့ ခြေရာခံစက်လေးတွေ ပေါ်နေပါပြီ။ Trackers လေးတွေနဲ့ဆို ကွီးတို့ မသိလိုက်ခင်မှာပဲ အိမ်လည်ထွက်တက်တဲ့ ကောင်လေးတွေကို အလွယ်တကူ ခြေရာခံ ရှာဖွေလို့ ရမှာဖြစ်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ အချစ်တော် အာဝုလေးတွေ ပျောက်သွားမှာ စိတ်ပူနေရတဲ့ ပိုင်ရှင် ကွီးတို့ ဝယ်ကိုဝယ်ထားသင့်တဲ့ Dog Trackers လေးတွေကို ပြောပြပေးပါမယ်။

(၁) Whistle Go Explore

Photo : Digital Trends

Whistle Go Explore Dog Tracker လေးကတော့ ကွီးတို့ အာဝုလေးတွေရဲ့ တည်နေရာကို အလွယ်ကူဆုံး ခြေရာခံနိုင်မှာ ဖြစ်သလို သူတို့ရဲ့ ကျန်းမာကြံ့ခိုင်မှု အခြေအနေကိုလည်း စောင့်ကြည့်ပေးတဲ့ အမိုက်စား ကိရိယာလေးပါ။ ဒီစက်လေးကို အာဝုလေးတွေ ရဲ့ လည်ပတ်မှာ တပ်ဆင်ပေးထားမယ်ဆိုရင် သူတို့ရဲ့ တည်နေရာကို Live ကြည့်နိုင်မှာဖြစ်ပြီး ဒါတင်မကသေးပါဘူး ဖြစ်နိုင်ခြေရှိတဲ့ ကျန်းမာရေးပြဿနာတွေနဲ့ အပြုအမူဆိုင်ရာ ပြောင်းလဲမှုတွေကိုလည်း ဖော်ပြပေးမှာ ဖြစ်ပါတယ်။ ဘက်ထရီ သက်တမ်းအားဖြင့်လည်း ရက် ၂၀ ကြာအသုံးပြုနိုင်မှာဖြစ်ပြီး ပေါင်ချိန် ၂၅ ပေါင်နဲ့အထက် ခွေးလေးတွေအတွက် အသင့်တော်ဆုံး Dog Tracker တစ်ခု ဖြစ်ပါတယ်။

(၂) FitBark GPS Dog Tracker

Photo : Ocean Property

FitBark GPS Dog Tracker ကတော့ အာဝုလေးတွေ ပျောက်သွားမှာ စိုးရိမ်နေရတဲ့ ပိုင်ရှင်တွေအတွက် သေချာဒီဇိုင်းဆွဲ ထုတ်ထားတဲ့ ခြေရာခံစက်ပါ။ ဒီစက်လေးမှာက ခွေးလေးတွေအတွက် အန္တရာယ်တစ်စုံတစ်ရာ ကျရောက်လာပါက မိနစ်ပိုင်းအတွင်း ပိုင်ရှင်ထံ သတိပေးချက်ပေးပို့တဲ့ စနစ်ပါရှိပြီး သူတို့ရဲ့တည်နေရာကိုလည်း ဖော်ပြပေးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ခွေးလေးတွေရဲ့ လှုပ်ရှားမှု ၊ အိပ်စက်မှုအရည်အသွေး ၊ ပိုင်ရှင်နဲ့ အကွာအဝေး ၊ ကယ်လိုရီ မျှတမှု ၊ စိတ်ဖိစီးမှု ၊ အရေပြား ကျန်းမာရေး အခြေအနေနဲ့ အလုံးစုံကျန်းမာရေး အခြေအနေတွေကို ၂၄ နာရီ စောင့်ကြည့်ပေးနေမှာ ဖြစ်ပါတယ်။ ဘက်ထရီသက်တမ်းကတော့ ၁၀ ရက်ကနေ ရက် ၂၀ ကြား အသုံးပြုနိုင်ပြီး iOS / Android နှစ်ခုလုံးမှာ အသုံးပြုနိုင်ပါတယ်။

(၃) Fi Series 2 GPS Tracker

Photo : Fi Smart Dog Collar

Fi Series 2 GPS Tracker လေးကတော့ နောက်ဆုံးပေါ် နည်းပညာတွေကို အသုံးပြုထားပြီးအာဝုလေးတွေရဲ့ တည်နေရာနဲ့ ကျန်းမာရေး အခြေအနေတွေကို စောင့်ကြည့်ပေးရုံမက ဘက်ထရီသက်တမ်းကလည်း ကြာရှည်အခံဆုံး ခြေရာခံစက်တွေထဲကတစ်ခု ဖြစ်ပါတယ်။ အကြမ်းခံ ၊ ရေစိုခံနိုင်ရည် ရှိသလို စက်မှာ LED မီး တစ်ပါတည်း ပါရှိပြီး တစ်ကြိမ်အားသွင်းထားရုံနဲ့ ၃ လဝန်းကျင်ခန့် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ နည်းပညာမြင့် GPS Technology ကိုသုံးထားတဲ့အတွက် ကွီးတို့ အချစ်တော် အာဝုလေးတွေ ရဲ့ တည်နေရာကို အချိန်တိုအတွင်း ရှာဖွေတွေ့ရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး တစ်နေ့တာအတွင်း လုံလောက်တဲ့ လှုပ်ရှားမှုရှိမရှိ ၊ ကောင်းကောင်းအိပ်မအိပ်နဲ့ အစားကောင်းကောင်းစားမစား ဆိုတာတွေကိုလည်း စောင့်ကြည့်ပေးနေတာကြောင့် အာဝုလေးတွေရဲ့ ကျန်းမာရေး အခြေအနေကို အချိန်နဲ့အမျှ သိရှိနိုင်မှာ ဖြစ်ပါတယ်။

Source : Siachen Studios

Featured Photo : Dog Gear Review