စာရေးသူတို့ နေထိုင်ရာ ကမ္ဘာကြီးပေါ်မှာ ထူးခြားအံ့ဖွယ်နေရာတွေ အများကြီးရှိပါတယ်။ ဒီလို ကမ္ဘာ့အံ့ဖွယ်နေရာတွေကို မသေခင် အနည်းဆုံး တစ်ခေါက်တော့ သွားရောက်လည်ပတ်သင့်တယ် မဟုတ်လား။ ဘာလို့ဆို ခရီးသွားခြင်းဟာ အတွေ့အကြုံအသစ်တွေ ၊ လူနေမှုပုံစံတွေ ၊ ယဉ်ကျေးမှုတွေအကြောင်း လေ့လာစူးစမ်းခွင့် ရနိုင်လို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ခရီးသွားခြင်းဟာ အသိပညာဗဟုသုတ တိုးပွားစေရုံသာမက စိတ်ဝိညာဉ်ကို အကောင်းဆုံး ရွှင်လန်းတက်ကြွစေပါတယ်။ ဒါ့ကြောင့် ဒီတစ်ခေါက်တော့မှာတော့ လူဖြစ်ရကျိုး နပ်စေဖို့ ဘဝမှာအနည်းဆုံး တစ်ခေါက်တော့ သွားရောက်လည်ပတ်သင့်တဲ့ ကမ္ဘာ့ အံ့ဖွယ်နေရာ တွေကို မျှဝေတင်ဆက်ပေးချင်ပါတယ်။

(၁) The Colosseum

Photo : The Colosseum

Colosseum ဆိုတာကတော့ အီတလီနိုင်ငံရဲ့ မြို့တော် ရောမမြို့လည်မှာရှိတဲ့ ကမ္ဘာ့ အကြီးဆုံး ဘဲဥပုံအမိုးပွင့် ပွဲကြည့်စင်ကြီးတစ်ခု ဖြစ်ပါတယ်။ Flavian Amphitheatre လို့ လူသိများတဲ့ Colosseum ပွဲကြည့်စင်ကြီးကို ရောမခေတ်က လူအချင်းချင်း သို့မဟုတ် လူနဲ့ တိရစ္ဆာန် တို့ သတ်ပုတ်တိုက်ခိုက်တဲ့ ကွင်းပြင်တစ်ခုအဖြစ် အသုံးပြုခဲ့ကြပါတယ်။ နှစ်စဉ်လာရောက် လည်ပတ်သူ ၄ သန်းခန့်ရှိပြီး ရှေးအကျဆုံး ကမ္ဘာ့ အံ့ဖွယ်ခုနစ်ပါးထဲက တစ်ခုပဲ ဖြစ်ပါတယ်။

(၂) Giza Pyramid Complex

Photo : Egypt Tours Portal

Giza Pyramid Complex ဟာ အီဂျစ်နိုင်ငံ ၊ Giza ကုန်းပြင်မြင့်မှာ တည်ရှိပါတယ်။ Giza Pyramid Complex မှာ Great Pyramid of Giza ၊ Menkaure Pyramid ၊ Great Sphinx of Giza နဲ့ Khafre ပိရမစ်တို့ ပါဝင်ပါတယ်။ Grand Egyptian Museum ၊ Giza Solar Boat Museum နဲ့ Golden Perfume Palace စတဲ့နေရာတွေကိုလည်း မမေ့မလျော့ သွားရောက်လည်ပတ်သင့်ပါတယ်။

(၃) Machu Picchu

Photo : Machu Picchu

Machu Picchu ကတော့ ခရီးသွားချစ်သူတိုင်း သွားရောက်လည်ပတ်သင့်တဲ့ ကမ္ဘာ့ အလှဆုံး အံ့ဖွယ်နေရာတစ်ခု ဖြစ်ပါတယ်။ ပီရူးနိုင်ငံရဲ့ Andes တောင်တန်းတွေကြားမှာ တည်ရှိပါတယ်။ ပင်လယ်ရေမျက်နှာပြင်အထက် ၂,၄၃၀ မီတာ အမြင့်ရှိပြီး UNESCO အမွေအနှစ် စာရင်းဝင် နေရာတစ်ခုလည်း ဖြစ်တာကြောင့် အနည်းဆုံး တစ်ခေါက်တော့ သွားရောက်လည်ပတ်သင့်ပါတယ်။

(၄) The Greek Islands

Photo : Hand Luggage Only

ဂရိနိုင်ငံဟာ ကမ္ဘာပေါ်က ခရီးသွားလို့အကောင်းဆုံးနဲ့ အလှဆုံး နိုင်ငံတစ်ခု ဖြစ်ပါတယ်။ အစားအသောက်ကောင်းတွေ ၊ ယဉ်ကျေးမှုအမွေအ နှစ်တွေ ၊ သဘာဝတရားကြီး နဲ့ လှပတဲ့ ကျွန်းတွေများစွာ ရှိပါတယ်။ Santorini၊ Corfu ၊ Crete ၊ Mykonos နဲ့ Rhodes တို့ကတော့ ဂရိနိုင်ငံရဲ့ အထင်ရှားဆုံးနဲ့ သွားရောက်လည်ပတ်သင့်တဲ့ အလှဆုံး ကျွန်းတွေပဲ ဖြစ်ပါတယ်။ အံ့ဖွယ်ပြတိုက်ကြီးတွေ ၊ ကမ်းခြေတွေ ၊ တောတောင်သဘာဝ ရှုခင်းတွေ ၊ အပန်းဖြေစခန်းတွေနဲ့ သမိုင်းဝင် နေရာတွေလည်း များစွာရှိပါတယ်။

Source : Peru Travel

Featured Photo : Machupicchu