မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ အင်္ဂလန် လက်ရွေးစင်အသင်းတို့မှာ ပါဝင်ကစားခဲ့ဖူးသူ ပရီးမီးယားလိဂ် အမှတ်ပေးဖလား ချန်ပီယံဆုကို ပိုင်ဆိုင်ဖူးခဲ့သူ ကီရန် ရစ်ချတ်ဆန်ဟာ လက်ရှိမှာတော့ ဘောလုံးသမားဘဝကနေ အနားယူထားပြီး သန်းပေါင်းများစွာ တန်ဖိုးရှိတဲ့ ဇိမ်ခံ နာရီ တွေကို ရောင်းဝယ်ဖောက်ကားလျက် ရှိနေပါတယ်။

Photo Credit : Plant Football

အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှာ မွေးဖွားခဲ့သူ ရစ်ချတ်ဆန်ဟာ ၂၀၀၁ခုနှစ်မှာပဲ မန်ယူနိုက်တက် လူငယ်အကယ်ဒမီဆီ ရောက်ရှိလာခဲ့ပြီး ၂၀၀၂ခုနှစ်မှာ ယူနိုက်တက် စီနီယာအသင်းနဲ့ ပွဲဦးထွက်ခွင့် စတင် ရရှိခဲ့ပါတယ်။ ၂၀၀၅-၂၀၀၆ ဘောလုံးရာသီမှာတော့ ရစ်ချတ်ဆန်က ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ ပွဲပေါင်း (၃၆)ပွဲအထိတောင် ကစားခွင့် ရရှိခဲ့ပြီး အဲ့ဒီရာသီ မတိုင်ခင်မှာလည်း ဝက်စ်ဘရွန်းအသင်းဆီ ရာသီဝက် အငှားချထားရာကနေ ရစ်ချတ်ဆန်ရဲ့ ခြေစွမ်းပိုင်းတွေက တိုးတတ်လာခဲ့တာကြောင့် ၂၀၀၅-၂၀၀၆ ဘောလုံးရာသီမှာ ပွဲပေါင်းများစွာ ကစားရဖို့ ဖြစ်လာခဲ့ရပါတယ်။

Photo Credit : Zimbio

၂၀၀၆-၂၀၀၇ ရာသီမှာတော့ ကစားသမားဘဝရဲ့ ပထမဆုံးသော ပရီးမီးယားလိဂ်ဖလားကို ပိုင်ဆိုင်နိုင်ခဲ့ရတဲ့ ရစ်ချတ်ဆန်ဟာ ၂၀၀၇ခုနှစ်မှာပဲ ဆန်းဒါးလန်းအသင်းဆီ ရောင်းချခံလိုက်ရပြီး ဆန်းဒါးလန်း ဖူလ်ဟမ် အက်စတွန်ဗီလာနဲ့ ကာဒစ်စီးတီးအသင်းတွေမှာ ကစားသမားဘဝကို ဆက်လက် ဖြတ်သန်းရင်း အသက်(၃၃)နှစ်အရွယ်မှာ ကစားသမားဘဝကို နိဂုံးချုပ်ခဲ့ပါတယ်။ လက်ရှိမှာ အသက်(၃၈)နှစ်အရွယ်ကို ရောက်ရှိနေပြီဖြစ်သူ ရစ်ချတ်ဆန်ဟာ တန်ဖိုးကြီး နာရီ တွေကို ရောင်းဝယ်ဖောက်ကားလျက် ရှိနေတဲ့ Broadwalk Group လုပ်ငန်းစုကိုပါ ပူးတွဲ ပိုင်ဆိုင်သူ ဖြစ်နေပါတယ်။

Photo Credit : Enness Global

နာရီ crazy တစ်ဦးဖြစ်တဲ့ ရစ်ချတ်ဆန်ဟာ (၁၆)နှစ်သား အရွယ်မှာကတည်းက Cartier Tank နာရီ ကို ဝယ်ယူ ဝတ်ဆင်ခဲ့သလို အခုအခါမှာတော့ Richard Milles, Patek Philippes, Audemars Piguets နဲ့ Rolexe တို့လို တကယ်ကို တန်ဖိုးကြီး နာရီများစွာ ရောင်းချနေလျက် ရှိနေပါတယ်။ Richard Mille နာရီတစ်လုံးက တန်ဖိုးအားဖြင့်ဆိုရင် အမေရိကန် ဒေါ်လာ (၂.၃)သန်း စတာလင်ပေါင်နဲ့ဆိုရင် (၁.၇)သန်းလောက်အထိ တန်ဖိုးရှိတယ်လို့ ရစ်ချတ်ဆန်က ပြောဆိုခဲ့ပါတယ်။

Featured Photo : The Sun