လီဗာပူး ကွင်းလယ်လူ သီယာဂို အယ်လ်ကန်တာရာ ကတော့ တနင်္ဂနွေနေ့က အာဆင်နယ်အသင်းကို ၃ – ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီးမှာ ဒဏ်ရာအသစ် ထပ်မံရရှိသွားခဲ့ပြီး နောက်တစ်ကြိမ် အနားယူရမယ့် အရေးနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

Photo : Liverpool Echo

အသက် ၃၂ နှစ်အရွယ် စပိန်သားဟာ ဧပြီလကတည်းက တင်ပါးဒဏ်ရာကြောင့် ၁၀ လဝန်းကျင်ခန့် ကာလကြာရှည် အနားယူနေခဲ့ရတာဖြစ်ပြီး ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အာဆင်နယ်အသင်းနဲ့ ထိပ်တိုက်တွေ့ဆုံခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာမှ လီဗာပူးအသင်းအတွက် ပထမဆုံးအကြိမ်လူစားလဲ ပြန်လည်ဝင်ရောက်ကစားခွင့် ရခဲ့တာပါ။

The Guardian ရဲ့ ဖော်ပြချက်အရ သီယာဂို ဟာ အဆိုပါ ပွဲစဉ်အပြီးမှာ ကြွက်သားဒဏ်ရာ အသစ်ထပ်မံ ရရှိခဲ့တယ်လို့ သိရပြီး ကာလအတိုင်းအတာတစ်ခုအထိ လီဗာပူးအသင်းအတွက် ပွဲထွက်ကစားခွင့်နဲ့ လွဲချော်ရဦးမှာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ စပိန်သားရဲ့ ဒဏ်ရာ အခြေအနေနဲ့ အနားယူရမယ့် ကာလအတိအကျကို မသိရသေးပါဘူး။

သီယာဂို အယ်လ်ကန်တာရာ ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်မှာ ဘိုင်ယန်မြူးနစ်အသင်း ကနေ လီဗာပူးအသင်းကို ရောက်ရှိလာခဲ့တာဖြစ်ပြီး နည်းပြယာဂင်ကလော့ပ်ရဲ့ အသင်းအတွက် ပြိုင်ပွဲစုံ ၉၈ ပွဲ ပါဝင်ကစား ပေးထားပေမယ့် ပြီးခဲ့တဲ့ ရာသီတွေမှာ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေခဲ့ရတာ ဖြစ်ပါတယ်။

Photo : This Is Anfield

ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ် ကွင်းလယ်လူဟောင်း သီယာဂို ဟာ ရာသီကုန်မှာ လီဗာပူးအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး စပိန်သားရဲ့ ဒဏ်ရာအခြေအနေတွေကြောင့် အသင်းဘက်က စာချုပ်သစ် ကမ်းလှမ်းဖို့ကို အရိပ်အယောင် မြင်တွေ့ရခြင်း မရှိသေးသလို အန်ဖီးလ်မှာ ၎င်းရဲ့အနာဂတ်ဟာလည်း သံသယဖြစ်ဖွယ် ရှိနေပါတယ်။

Featured Photo : The Times