ချဲလ်ဆီး အသင်းကတော့ ဆီနီဂေါ လက်ရွေးစင် တိုက်စစ်မှူး နီကိုလပ်စ် ဂျက်ဆင်ကို စတန်းဖို့ဒ်ဘရစ်ချ်မှာ နှစ်ရှည် ဆက်ထိန်းထားဖို့ သဘောတူညီမှုတစ်ခု ရသွားခဲ့ပြီလို့ သိရပါတယ်။

Nicolas Jackson Photo : Football365

အသက် ၂၃ နှစ်အရွယ် တိုက်စစ်မှူး နီကိုလပ်စ် ဂျက်ဆင်နဲ့ လန်ဒန်ကလပ် အသင်းတို့ဟာ လာမယ့် ၂၀၃၃ ခုနှစ်အထိ ၉ နှစ် သက်တမ်းရှိတဲ့ စာချုပ်သစ်တစ်ရပ် ချုပ်ဆိုဖို့ သဘောတူညီမှု ရရှိခဲ့တာပါ။ ဒီသတင်းကို နာမည်ကြီး သတင်းထောက် ဒေးဗစ် အော်စတိန်းက အတည်ပြုပြောကြားပေးခဲ့တာ ဖြစ်ပါတယ်။

ချဲလ်ဆီး အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကာလမှာ ဆီနီဂေါ တိုက်စစ်မှူး နီကိုလပ်စ် ဂျက်ဆင်ကို ဗီလာရီးယဲလ် အသင်းကနေ ပေါင် ၃၂ သန်းနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ နီကိုလပ်စ်ဟာ စတန်းဖို့ဒ်ဘရစ်ချ်ကို ပြောင်းရွှေ့ခဲ့ပြီးနောက် ချဲလ်ဆီးအသင်းနဲ့အတူ ပထမဆုံး ပရီးမီးယားလိဂ် အဖွင့်ရာသီမှာပဲ သွင်းဂိုး ၁၇ ဂိုးအထိ သွင်းယူထားနိုင်ခဲ့သူ ဖြစ်ပါတယ်။

နီကိုလပ်စ် ဂျက်ဆင်ဟာ ပြီးခဲ့တဲ့ ရာသီအတွင်းမှာ ခြေစွမ်းကောင်းတွေ ပြသခဲ့သလို ပြိုင်ဘက်အသင်းရဲ့ ဂိုးပေါက်ရှေ့ရောက်တိုင်း တလွဲတွေလုပ်လွန်းလို့ ပရိသတ် ဝေဖန်မှုတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်ခံခဲ့ရပေမယ့် ဒီရာသီ ချဲလ်ဆီးနည်းပြသစ် အန်ဇို မာရက်စ်ကာရဲ့ အသင်းမှာ အဓိက အရေးပါတဲ့ တိုက်စစ်ကစားသမားတစ်ယောက် ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

Photo : Goal.com

မကြာသေးမီရက်ပိုင်းက ထွက်ပေါ်လာတဲ့ သတင်းတွေအရ ချဲလ်ဆီး အသင်းဟာ အင်္ဂလန်လက်ရွေးစင် တောင်ပံကစားသမား ကိုးလ်ပါလ်မာကိုလည်း လာမယ့် ၂၀၃၃ ခုနှစ် ဇွန်လအထိ နှစ်ရှည် စာချုပ်သက်တမ်း တိုးခဲ့တယ်လို့ သိရပါတယ်။

Featured Photo : TEAMtalk