မန်ချက်စတာ စီးတီးအသင်းရဲ့ နည်းပြကြီး ပက်ပ် ဂွာဒီယိုလာက လာမယ့် နွေရာသီမှာ ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာဖွယ် ရှိနိုင်တဲ့ ဘရာဇီးလ် စူပါစတား ဘောလုံးသမား နေမာကို ခေါ်ယူသွားဖို့အတွက် စိတ်ဝင်စားလျက် ရှိနေတယ်လို့ သတင်းတွေမှာ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Daily Express

ကမ္ဘာ့ စံချိန်တင် ပြောင်းရွှေ့ကြေးကြီးနဲ့ ဘာစီလိုနာကနေ ပီအက်စ်ဂျီအသင်းဆီ ပြောင်းရွှေ့ခဲ့တဲ့ နေမာဟာ လက်ရှိမှာတော့ ပီအက်စ်ဂျီကနေ ပြန်လည် ထွက်ခွာသွားရတော့မယ့် အခြေအနေမှာ ရှိနေရပြီး အသင်းကလည်း သူ့ကို ရောင်းထုတ်ချင်နေပါတယ်။ ဒီအခြေအနေမှာ နေမာက ချယ်လ်ဆီး မန်ယူနိုက်တက်တို့လို ကလပ်အသင်းတွေနဲ့ အပြောင်းအရွှေ့ သတင်းတွေ ခပ်သဲ့သဲ့ ထွက်ပေါ်လာခဲ့ပြီး လတ်တလောမှာလည်း စီးတီး နည်းပြကြီး ဂွာဒီယိုလာကပါ နေမာကို ဖုန်းနဲ့ ဆက်သွယ်ကာ အပြောင်းအရွှေ့အကြောင်း ဆွေးနွေးဖြစ်ခဲ့တယ်လို့ သတင်းထွက်လာပါတယ်။

Photo Credit : Football Transfer

ဒီလို ဆွေးနွေးမှုတွေ ရှိထားခဲ့ပေမယ့်လည်း နေမာဟာ ကစားသမားကောင်းတွေ နှစ်သင်းစာလောက် ပိုင်ဆိုင်ထားတဲ့ စီးတီးအသင်းဆီ ပြောင်းရွှေ့ဖို့ စိတ်ဆန္ဒ နည်းပါးနိုင်တယ်လို့ ပြင်သစ် သတင်းမီဒီယာ L’Equipe ကနေ ဖော်ပြထားပါတယ်။ ဒါပေမယ့် ပီအက်စ်ဂျီအသင်းက စီးတီးရဲ့ ဘာနာဒို ဆေးလ်ဗားကို စိတ်ဝင်စားနေသလို သူတို့အသင်းရဲ့ ဘရာဇီးလ် ကစားသမား နေမာကိုလည်း အသင်းကနေ ရှင်းထုတ်ချင်နေတာက စီးတီး နဲ့ ပီအက်စ်ဂျီကြားမှာ ကစားသမား အလဲအလှယ် ဖြစ်လာနိုင်ဖို့လည်း ရှိနိုင်ပါတယ်။

Photo Credit : Sporting News

တကယ်လို့များ နေမာသာ စီးတီး ရောက်လာခဲ့မယ်ဆိုရင် ဟာလန်း အဲလ်ဗာရက်ဇ် ဂရီးလစ်ရှ် ဖိုဒန်တို့နဲ့တင် ကြောက်စရာကောင်းနေတဲ့ စီးတီး တိုက်စစ် အစုအဖွဲ့က ပိုပြီးတော့ကို ကြောက်မက်ဖွယ်ရာ ဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့် နေမာလို အမြဲလိုလို ဒဏ်ရာ မကြာခဏ ရရှိတတ်တဲ့ ကစားသမားကို စီးတီးဘက်က တကယ် ခေါ်ယူနိုင်ပါ့မလား စီးတီးကို ရောက်လာခဲ့ရင်တောင် နေမာက ပက်ပ်ရဲ့ ကစားကွက်မှာ အံ့ဝင်အောင် ကစားနိုင်မလားဆိုတာက စိတ်ဝင်စားစရာပါ။

Featured Photo : Diez