ခရီးသွားချစ်သူတွေကတော့ အမြဲလိုလို မရောက်ဖူးသေးတဲ့ နေရာဒေသအသစ်တွေဆီ စူးစမ်းခြေဆန့်ချင်ကြမှာပါ။ ကမ္ဘာပေါ်မှာ လည်ပတ်လို့ကောင်းတဲ့ အလှဆုံးနေရာတွေ အများကြီး ရှိသလို တစ်ခါရောက်ဖူးပြီးတာနဲ့ အကြိမ်ကြိမ် ပြန်သွားချင်အောင်လောက် ဆွဲဆောင်နိုင်လွန်းတဲ့ နေရာတွေလည်း အများကြီး ရှိနေပါတယ်။ ဒီတစ်ခေါက်မှာတော့ ခရီးသွားချစ်သူတွေ တစ်ကြိမ်တစ်ခါ ရောက်ဖူးပြီးတာနဲ့ နောက်ထပ် အခေါက်ခေါက်အခါအခါ ပြန်သွားချင်အောင် ဆွဲဆောင်နိုင်လွန်းတဲ့ ခရီးသွား နေရာ တွေအကြောင်း ပြောပြပေးပါမယ်။

(၁) Luang Prabang

Photo : Laure Wanders

လာအိုနိုင်ငံ မြောက်ပိုင်းက ရှေးဟောင်းအမွေအနှစ် မြို့တော် Luang Prabang ကို တစ်ခါတစ်ခေါက် အလည်သွားကြည့်ဖို့ ညွှန်းချင်ပါတယ်။ Luang Prabang မြို့လေးဟာ လှပတဲ့ အဖိုးတန်ရှေးဟောင်း ဗိသုကာလက်ရာတွေ ၊ လာအိုရိုးရာ ဗိသုကာတွေ ၊ ပြင်သစ်ကိုလိုနီခေတ် ဗိသုကာလက်ရာတွေနဲ့ ပြည့်နှက်နေတဲ့ UNESCO ကမ္ဘာ့အမွေအနှစ်နေရာ ဖြစ်ပါတယ်။ လည်ပတ်စရာ ရှေးဟောင်း ဘုရားကျောင်းဆောင် နေရာ တွေကစလို့ ရေတံခွန်တွေ ၊ လှပတဲ့ စိတ်ဝင်စားဖွယ်ရာ သဘာဝရှုခင်းတွေနဲ့ ခရီးသွားတွေကို အကြိမ်ကြိမ် ပြန်လာလည်ချင်အောင် ဆွဲဆောင်နေပါတယ်။

(၂) Krabi

Photo : Laure Wanders

သဘာဝကို ချစ်မြတ်နိုးတဲ့ ခရီးသွားချစ်သူတွေ သေချာပေါက် သွားရမယ့် နေရာလေးတစ်ခုပါ။ Krabi ဟာ ထိုင်းနိုင်ငံ တောင်ပိုင်း အနောက်ဘက် ကမ်းရိုးတန်းမှာ တည်ရှိတဲ့ အိပ်မက်ဆန်ဆန် ခရီးသွား နေရာ တစ်ခု ဖြစ်ပါတယ်။ မျက်စိတဆုံး ရှုမဆုံးတဲ့ သဲဖြူကမ်းခြေတွေ ဝန်းရံထားပြီး စိမ်းစိုလှပတဲ့ တောတောင်တွေဟာ စိတ်ဟာ မွန်းကြပ်မှုတွေ ဖြေလျော့ပေးနိုင်မှာ အသေအချာပါပဲ။ ထူးခြားဆန်းကြယ်တဲ့ သဘာဝရေကန်ကြီးတွေ ၊ ရေတံခွန်တွေ ၊ လိုဏ်ဂူ ၊ တောင်တန်းတွေနဲ့ သဘာဝရဲ့ အရသာကို ကောင်းကောင်းကြီး ခံစားနိုင်မယ့် ခရီးသွားနေရာတစ်ခုပဲ ဖြစ်ပါတယ်။ Nature Lovers ခရီးသွားတွေကတော့ Krabi ကို တစ်ကြိမ်ရောက်ပြီးတာနဲ့ အကြိမ်ကြိမ် ပြန်သွားချင်နေတော့မှာ သေချာပါတယ်။

(၃) Battambang

Photo : Laure Wanders

Battambang ကတော့ ကမ္ဘောဒီးယား နိုင်ငံထဲက သာယာလှပတဲ့ ချစ်စရာမြို့လေး ဖြစ်ပါတယ်။ ဒီနေရာဟာ ကိုလိုနီခေတ် ဗိသုကာလက်ရာတွေကြောင့် ခရီးသွားတွေကြားမှာ ရေပန်းစား ကျော်ကြားပြီး ကမ္ဘောဒီးယားလူမျိုးတွေရဲ့ ကျေးလက်အနှစ်သာရ ဓလေ့ထုံးတမ်းတွေကို စူးစမ်းလေ့လာနိုင်မယ့် အကောင်းဆုံး နေရာတစ်ခု ဖြစ်ပါတယ်။ သွားရေးလာရေးအတွက်ကလည်း Tuk-Tuk လေးတွေ အလွယ်တကူ ငှားစီးလို့ ရတဲ့အတွက် မြို့အတွင်း တစ်နေရာနဲ့တစ်နေရာ သွားရောက်လည်ပတ်ဖို့ အရမ်းကို အဆင်ပြေပါတယ်။ Wat Phnom Sampeau ဘုရားကျောင်း ၊ Prasat Banan နဲ့ Wat Ek Phnom တို့လိုရှေးဟောင်း နေရာတွေ ၊ ထင်ရှားတဲ့ ခမာခေတ် လှိုင်ဂူကြီးတွေဆီ သွားရောက်လည်ပတ်ရင်း ကမ္ဘောဒီးယားလူမျိုးတွေရဲ့ ရိုးရာယဉ်ကျေးမှုတွေကို လေ့လာနိုင်မှာ ဖြစ်ပါတယ်။

(၄) Hoi An

Photo : Laure Wanders

ခရီးသွားချစ်သူတွေအနေနဲ့ ဗိယက်နမ်ရဲ့ အဆန်းကြယ်ဆုံးနဲ့ အလှဆုံး မြို့လေးဖြစ်တဲ့ Hoi An ကိုလည်း သွားရောက်လည်ပတ် သင့်ပါတယ်။ ဒီမြို့လေးက တော်တော်လေး အေးချမ်းသာယာပြီး ညနေတိုင်းမှာ ရောင်စုံမီးပုံးတွေကို မြို့အနှံ့ ထွန်းညှိထားလေ့ ရှိပါတယ်။ ဒါဟာကံကောင်းခြင်းတွေနဲ့ ပျော်ရွှင်မှုတွေကို ယူဆောင်လာပေးနိုင်တယ်လို့ ယုံကြည်မှုနဲ့ ပြုလုပ်ကြတဲ့ မြို့ခံတွေရဲ့ ချစ်စရာ ဓလေ့တစ်ခု ဖြစ်ပါတယ်။ မြို့အတွင်းမှာ လည်ပတ်စရာနေရာတွေ အရမ်းကို များပြားပြီး ပြင်သစ်ကိုလိုနီခေတ် အဆောက်အအုံတွေ ၊ တရုတ်ဘုရားကျောင်းတွေ ၊ ဂျပန်လူမျိုးတွေရဲ့ လက်ရာရှေးဟောင်းတံတားတွေနဲ့ Hoi An မြို့ဟောင်းဟာ ခရီးသွားတွေကို ထပ်ထပ်လာလည်ချင်အောင် ဆွဲဆောင်နေတဲ့ နေရာတစ်ခုပဲ ဖြစ်ပါတယ်။

Source : Laure Wanders

Featured Photo : Premier Holidays