အပူငွေ့တွေ ချောင်းချောင်းထတဲ့ နွေကာလတွေမှာ အေးရာအေးကြောင်း ရှာရင်းနဲ့ အနားယူတဲ့အခါ လူကို လန်းဆန်းရွှင်မြူးစေတဲ့ ကော့တ်တေးလ် လေးတွေနဲ့ အနားယူတာ အကောင်းဆုံးစည်းစိမ်ပါပဲ။ ကော့တ်တေးလ်တွေက ချိုမွှေးအေးရှပြီး လတ်ဆတ်ရွှင်လန်းစေလို့ နွေရာသီနဲ့ အကိုက်ဆုံး သောက်စရာလို့ ဆိုနိုင်ပါတယ်။ အခုလို ပူအိုက်လာတဲ့ ကာလတွေမှာ လန်းလန်းဆန်းဆန်း နဲ့ ဇိမ်ဆွဲသောက်လို့ ကောင်းတဲ့ Summertime Cocktails တချို့ကို ကွီးတို့အတွက် ညွှန်းပေးလိုက်ရပါတယ်။

(၁) Margarita

Photo : Esquire

တက်ကီလာ ကော့တ်တေးတစ်မျိုးဖြစ်တဲ့ Margarita က လိမ္မော် Liqueur လည်းပါလို့ လတ်ဆတ်ရွှင်မြူးပြီး နွေရာသီနဲ့ ပေါ့ပေါ့ပါးပါး မြည်းစရာကောင်းတဲ့ ကော့တ်တေးလ်အဖြစ် နာမည်ကြီးပါတယ်။ ကော့တ်တေးလ်ခွက်ထဲမှာ သံပရာရည်လေး ခံပြီး ခွက်အဝမှာ တက်ကီလာစတိုင် ဆားကြမ်းလေးတွေနဲ့ Silver Tequila ၂ အောင်စ ၊ လိမ္မော်အရသာ Cointreau ၁ အောင်စ လေးတွေကို ရေခဲတုံးလေးတွေနဲ့ ရောစပ်ရတာ ဖြစ်ပါတယ်။

(၂) Gin Rickey

Photo : Esquire

ဒီ ကော့တ်တေးလ် က ခွက်ရှည် Highball Glass ခွက်ထဲမှာ သံပရာတစ်ခြမ်းညှစ်ပြီး ရေခဲတုံးလေးတွေနဲ့ Gin ၊ Club Soda တွေ စပ်ပြီး ‌သောက်ရတာပါ။ ရီရီဝေဝေ အေးအေးမြမြ ခံစားမှုနဲ့ ငြိမ့်နိုင်မယ့် ယမကာတစ်ခွက်ပါပဲ။

(၃) Cuba Libre

Photo : Esquire

Cuba Libre ဆိုတာ တကယ်တော့ သံပရာပါတဲ့ Rum-Coke တစ်မျိုးပါပဲ။ သံပရာပါဝင်တာက ရိုးရိုး ရမ်ကိုလာနဲ့ ကွဲပြားသွားတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ကိုကာကိုလာ ၊ သံပရာသီးနဲ့ Gold Rum ကို ရေခဲလေး ၂ တုံး ၃ တုံး နဲ့ ဖျော်စပ်ရတာ ဖြစ်ပြီး လွယ်ကူရိုးရှင်းသလောက် ပေါ့ပါးပါတယ်။

(၄) Tequila Sunrise

Photo : Esquire

၇၀ ပြည့်လွန်နှစ်တွေက ခေတ်ရနံ့ကို ခံစားရမယ့် Chessy ဆန်တဲ့ ကော့တ်တေးလ် တစ်မျိုးပါ။ တက်ကီလာ ၁ အောင်စခွဲ ၊ လိမ္မော်ရည် လတ်လတ်ဆတ် ၃ အောင်စနဲ့ ဘားမှာ သုံးတဲ့ Grenadine Syrup တစ်ဇွန်းတို့ကို ရေခဲတုံးလေးတွေခွဲထည့်ပြီး ဖျော်စပ်တာ ဖြစ်ပါတယ်။ အပေါ်မှာ Maraschino Cherry သီးလေးနဲ့ အလှဆင်ပြီး အရသာခံလေ့ရှိပါတယ်။

(၅) Mojito

Photo : Esquire

Mojito က ရမ်ဖြူကိုမှ သံပရာ ၊ ဆိုဒါရေ ၊ သကြားနဲ့ ပူစီနံလေးနဲ့ ဖော်စပ်ထားတာ ဖြစ်ပြီး လူတိုင်းအကြိုက်တွေ့ကြတဲ့ နာမည်ကြီး ကော့တ်တေးလ် တစ်မျိုး ဖြစ်ပါတယ်။ ရမ်ဖြူကို ခွဲထားတဲ့ ရေခဲခွက်ထဲ ထည့်ဖြည့်ပြီး ပါဝင်ပစ္စည်းလေးတွေနဲ့ ရောစပ်ရတာပါ။ နွေရာသီ ကမ်းခြေခရီးသွားသူတို့ သောက်လေ့ရှိပါတယ်။

Featured Photo : Men’s Health