ပင်လယ်စင်ရော်တွေရဲ့ အစွမ်းကတော့ အံ့မခန်းပါပဲ။ ၂၀၁၇ခုနှစ်ကမှ ပရီးမီးယားလိဂ်ဆီ တန်းတတ်လာခဲ့တဲ့ အသင်းတစ်သင်းက အခုဆိုရင် နှစ်အနည်းငယ်လေးအတွင်းမှာပဲ အသင်း သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ်နဲ့ ဥရောပဝင်ခွင့်အထိပါ ပိုင်ဆိုင်သွားခဲ့ရပြီ ဖြစ်ပါတယ်။

Photo Credit : Sportskeeda

မနေ့ညက Amex ကွင်းမှာ ဆောက်သမ်တန်အသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်း နိုင်ပွဲ ရရှိခဲ့တာကြောင့် ဘရိုက်တန်အသင်းဟာ အမှတ်ပေးဇယားရဲ့ Top 7 နဲ့ ရာသီသိမ်းဖို့ သေချာသွားခဲ့ပြီး ဥရောပဝင်ခွင့် ရရှိဖို့ပါ သေချာသွားခဲ့ပါတယ်။ ဒီ အောင်မြင်မှုဟာ အသင်းကို စတင် တည်ထောင်ခဲ့တဲ့ ၁၉၀၁ခုနှစ်မှ နှစ်ပေါင်း (၁၂၁)နှစ်အတွင်း ပထမဆုံးအကြိမ် ရရှိနိုင်ခဲ့တဲ့ အောင်မြင်မှုကြီးတစ်ခုလည်း ဖြစ်လာခဲ့ပါတယ်။

Photo Credit : NBC Connenticut

တကယ်တော့ ဘရိုက်တန်အသင်းက ရာသီစပြီး သိပ်မကြာခင်မှာပဲ သူတို့ရဲ့ နည်းပြ ဂရေဟမ် ပေါ်တာကို ချယ်လ်ဆီးအသင်းဆီ လက်လွတ်ခဲ့ရကာ ပေါ်တာနေရာအတွက် နည်းပြ အစားထိုးဖို့ မှန်ကန်တဲ့ ရွေးချယ်မှုအဖြစ် ရောဘတ်တို ဒီဇာဘီကို ခန့်အပ်နိုင်ခဲ့ပါတယ်။ နည်းပြ ဒီဇာဘီက ဘရိုက်တန်ကို အကောင်းဆုံး ကိုင်တွယ်နိုင်ခဲ့ပြီး FA Cup ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အထိ ပို့ဆောင်နိုင်ခဲ့သလို ပရီးမီးယားလိဂ်မှာလည်း အဆင့် (၆)နေရာနဲ့ ရာသီသိမ်းနိုင်အောင် ယူရိုပါလိဂ်ပြိုင်ပွဲဆီ ဝင်ရောက် ဆင်နွဲနိုင်အောင်ပါ အကောင်းဆုံး စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

Photo Credit : Sussex Express

ဒီလို စွမ်းဆောင်မှုတွေကြောင့်ပဲ နည်းပြ ဒီဇာဘီက ဒီရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲရဲ့ အကောင်းဆုံး နည်းပြဆုအတွက် ဆန်ကာတင်စာရင်းမှာပါ ပါဝင်လာခဲ့ရတာ ဖြစ်ပါတယ်။ အခုဆို ဘရိုက်တန်က လာမယ့် ဘောလုံးရာသီမှာပါ ဒီထက် ပိုမြင့်မားတဲ့ အဆင့် ရပ်တည်ချက်နဲ့ ရပ်တည်နိုင်အောင် ဒါမှမဟုတ် သူတို့ရဲ့ ပထမဆုံး ဥရောပပြိုင်ပွဲမှာလည်း ဘယ်လောက်အထိ လုပ်ဆောင်ပြနိုင်ဦးမလဲဆိုတာ စိတ်ဝင်တစားနဲ့ စောင့်ကြည့်ချင်စရာပါ။ နောက်ပြီး လာမယ့် ဈေးကွက်ထဲ အယ်လစ္စတာ ကိုင်စီဒိုတို့ကို ဆုံးရှုံးရနိုင်ပေမယ့် ဒါတွေအတွက်ကိုလည်း ဘရိုက်တန်ဘက်က ကြိုတင် ပြင်ဆင်ထားသလို နောက်ထပ် underrated quality players လေးတွေကို ဘယ်လို ခေါ်ယူသွားဦးမလဲဆိုတာလည်း စောင့်ကြည့်ရပါဦးမယ်။