ဘယ်သူမှ မထင်ထားတဲ့ အနေအထားကနေ ပရီးမီးယားလိဂ်အမှတ်ပေး ချန်ပီယံ ဆုဖလားကြီးကို အရယူဆောင်နိုင်ခဲ့တဲ့ လက်စတာ စီးတီး အသင်းဟာ လက်ရှိမှာတော့ ပရီးမီးယားလိဂ် ပြိုင်ပွဲကြီးကနေ နှုတ်ဆက်သွားရတော့မယ့် အခြေအနေမှာ ရှိနေရပြီပဲ ဖြစ်ပါတယ်။

Photo Credit : Leicester Mercury

၂၀၁၅-၂၀၁၆ ဘောလုံးရာသီမှာ အသင်းရဲ့ သမိုင်းဝင် အောင်မြင်မှုကြီးဖြစ်တဲ့ ပရီးမီးယားလိဂ် ဆုဖလားကြီးကို ဆွတ်ခူးနိုင်ခဲ့တဲ့ လက်စတာ အသင်းဟာ ၂၀၁၆-၂၀၁မှာလည်း ချန်ပီယံလိဂ် ပြိုင်ပွဲကြီးရဲ့ ကွာတားဖိုင်နယ်အဆင့်ထိပါ တက်လှမ်းနိုင်ခဲ့သလို မနှစ်ကလည်း ကွန်းဖရန့်စ်လိဂ် ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်အထိ တက်လှမ်းခဲ့ပါသေးတယ်။ ဒီလို အခြေအနေမျိုးအထိ ရှိခဲ့ဖူးတဲ့ လက်စတာက ဒီရာသီမှာတော့ ခြေစွမ်းပိုင်း ကျဆင်းမှုတွေနဲ့ အခုဆိုရင် ဆောက်သမ်တန်အသင်းနဲ့အတူ ချန်ပီယံရှစ်ကို ရောက်ရှိသွားဖို့က အလွန် နီးစပ်နေရပါတယ်။

Photo Credit : Sky Sports

လက်စတာ က ဖေဖော်ဝါရီ လလယ်ပိုင်းလောက်ကတည်းကနေ လက်ရှိအချိန်ထိကို ပရီးမီးယားလိဂ်မှာ နိုင်ပွဲက (၁)ပွဲသာ ရရှိထားခဲ့ပြီး တန်းဆင်းရမယ့် အခြေအနေနဲ့ နီးစပ်လာချိန်မှာပါ အသင်းရဲ့ ရလဒ်တွေက ပြန်လည် တည့်မတ်လာနိုင်ခြင်း မရှိပဲ (၄)ပွဲဆက်တိုက်အထိကို နိုင်ပွဲ ပျောက်ဆုံးခဲ့ရပါတယ်။ ဒီလို ရလဒ်ဆိုးတွေကြောင့် လက်စတာက ပရီးမီးယားလိဂ် (၃၆)ပွဲ ကစားထားပြီးချိန်မှာ အမှတ်ပေးဇယားရဲ့ အဆင့် (၁၉)နေရာမှာ ရပ်တည်နေရပြီး တန်းဆင်းရဖို့ လက်တစ်ကမ်းအလိုကို ရောက်ရှိနေခဲ့ရပြီ ဖြစ်ပါတယ်။

Photo Credit : Leicester Mercury

လက်ရှိမှာ လက်စတာရဲ့ ပရီးမီးယားလိဂ် လက်ကျန်ပွဲက (၂)ပွဲသာ ကျန်ရှိပါတော့တယ်။ အဲ့ဒီ (၂)ပွဲမှာ နယူးကာဆယ် ဝက်စ်ဟမ်းတို့နဲ့ ကစားရပါမယ်။ နှစ်သင်းလုံးက လက်စတာအတွက် ခက်ခဲနိုင်တယ် ဆိုပေမယ့်လည်း ဝက်စ်ဟမ်းနဲ့ပွဲက အိမ်ကွင်း ကင်းပါဝါတွင် ကစားရမှာဖြစ်လို့ ဒီပွဲမှာ (၃)မှတ် ရဖို့ မျှော်လင့်နိုင်ပါတယ်။ ဒါပေမယ့် နယူးကာဆယ်နဲ့ပွဲကတော့ လက်စတာအတွက် အရမ်းခက်ခဲနိုင်ပါတယ်။ အသင်းရဲ့ လက်ရှိအနေအထား လက်ကျန်ပွဲ အနေအထားတွေအရတော့ လက်စတာအနေနဲ့ ပရီးမီးယားလိဂ်မှာ တင်ကျန်နိုင်ဖို့ဆိုတာ မလွယ်ကူနိုင်တော့ဘူးလို့ပဲ ယူဆနိုင်ပါတယ်။

Featured Photo : Goal