ပရီးမီးယားလိဂ် ကလပ်အသင်းတွေအတွက် ပွဲပေါင်းများစွာကို ခက်ခက်ခဲခဲ ဆင်နွဲသွားရတော့မယ့် ဒီဇင်ဘာ ပွဲကျပ်ကာလတွေကတော့ အခုလထဲမှာပဲ စတင်သွားပါတော့မယ်။ ဒီပွဲကျပ်ကာလက အသင်းကြီးတွေအတွက်သာမကပဲ အသင်းတိုင်းအတွက် ဖြတ်သန်းရ ခက်ခဲစေတဲ့ ကာလတစ်ခု ဖြစ်စေနိုင်ပြီး အခုလည်း ဒီဇင်ဘာ ပွဲကျပ်ကာလအစမှာပဲ ပွဲကြီးပွဲကောင်း (၃)ပွဲက ကျွန်တော်တို့လို ဘောလုံး ဝါသနာအိုးတွေအတွက် စောင့်ကြိုနေပါတယ်။

ဒီပွဲတွေကတော့ ဒီနေ့ညမှာပဲ ယှဉ်ပြိုင်မယ့် နယူးကာဆယ် နဲ့ မန်ယူနိုက်တက်ပွဲ ၊ တနင်္ဂနွေညမှာ ကစားမယ့် ချယ်လ်ဆီး နဲ့ ဘရိုက်တန် Super Sunday ရဲ့ နောက်ဆုံးနဲ့ အကောင်းဆုံး မန်စီးတီး နဲ့ စပါးတို့ပွဲတွေပဲ ဖြစ်ပါတယ်။

Photo Credit : Opta Analyst

နယူးကာဆယ် နဲ့ မန်ယူနိုက်တက်တို့က ဒီရာသီထဲ EFL Cup ပွဲစဉ်အဖြစ် အိုးထရက်ဖို့ဒ်မှာ ဆုံတွေ့ခဲ့တုန်းက အိမ်ရှင်တို့ ဂိုးပြတ် ရှုံးပွဲနဲ့ ပြိုင်ပွဲကနေ ထွက်ခွာထားရပါတယ်။ နောက်ပြီး စိန့်ဂျိမ်းစ်ပါ့ခ်မှာ နောက်ဆုံး (၅)ကြိမ် တွေ့ဆုံမှုမှာလည်း နယူးကာဆယ်က ရလဒ်ပိုင်း အသာရထားတာမို့ ဒီပွဲမှာလည်း တန်ဟက်ဂ်ရဲ့ ယူနိုက်တက်အသင်း သေချာပေါက် ရုန်းကန်ရနိုင်ပါတယ်။

Photo Credit : Sky Sports

နယူးကာဆယ်ကို ဂိုးပြတ် ရှုံးထားလို့ bounce back ပြန်လုပ်ရတော့မယ့် ချယ်လ်ဆီးကလည်း သူတို့ရဲ့ စတမ်းဖို့ဒ်ဘရစ်ချ်မှာ ဇင်ယော်တွေကို ဧည့်ခံရပါမယ်။ ယူရိုပါလိဂ် ကစားထားလို့ ပွဲပန်းနေမယ့် ဘရိုက်တန်မှာ ဒဏ်ရာရ ကစားသမား အရေအတွက် များလွန်းနေတာကလည်း သူတို့အသင်းအတွက် ထိုးနှက်ချက် ဖြစ်စေနိုင်ပါမယ်။ ချယ်လ်ဆီးမှာလည်း အန်ကွန်ကူက ဒီပွဲကို ပါဝင်လာနိုင်တဲ့အပြင် ဒီနှစ်သင်းဟာလည်း ကာဆယ်နဲ့ယူနိုက်တက်လို EFL Cup မှာ ဆုံထားသေးတာမို့ ဒါကလည်း စိတ်ဝင်စားစရာပါ။

Photo Credit : Sky Sports

မန်စီးတီး နဲ့ စပါးတို့ တွေ့ဆုံမယ့် ပွဲကတော့ Super Sunday ရဲ့ အကောင်းဆုံးပွဲ ဖြစ်တာနဲ့အညီ ကြည့်ကောင်းမယ့် ပွဲပါ။ High line ကစားပုံကို မပြင်သေးပဲ တင်းခံနေတဲ့ စပါးနည်းပြ ပိုစတီကိုဂလူး စီးတီးလို အသင်းကြီးမျိုးနဲ့ ပွဲမှာရော ဘယ်လို မထင်မှတ်တာတွေ လုပ်ပြနိုင်ဖို့ ပြင်ဆင်လာမလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ စီးတီးကလည်း လီဗာပူးလ် ချယ်လ်ဆီး (၂)ပွဲဆက်တိုက် သရေပွဲတွေ (၂)မှတ်စီ လျှော့ထားတာမို့ ဒီပွဲမှာ အမှတ်ပြည့် ရယူဖို့ ပြင်ဆင်လာနိုင်သလို စပါးကလည်း (၃)ပွဲဆက် ရှုံးနိမ့်နေမှုကနေ ရုန်းထွက်ဖို့ သေချာ ပြင်ဆင်လာနိုင်ပါတယ်။

Featured Photo : Goal