ပီအက်စ်ဂျီ အသင်းရဲ့ ဘရာဇီးလ် စူပါစတား ကစားသမား နေမာ ဟာ လာမယ့်နွေမှာ ပီအက်စ်ဂျီနဲ့ လက်တွဲဖြုတ်ဖို့ သေချာသလောက် ရှိနေပြီး အသင်း အပြောင်းအလဲ လုပ်ဆောင်ရာမှာလည်း အခြားသော ကလပ်အသင်းတွေထက် မန်ချက်စတာ ယူနိုက်တက် အသင်းဆီကိုသာ ပြောင်းရွှေ့စေချင်နေတယ်လို့ သိရှိရပါတယ်။

Photo Credit : Sky Sports

လက်ရှိမှာ အသက်(၃၁)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ နေမာ ဟာ လွန်ခဲ့တဲ့ ၂၀၁၇ခုနှစ်ကမှ ဘာစီလိုနာကနေ ပီအက်စ်ဂျီအသင်းဆီကို ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ယူရို (၂၂၂)သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး သိပ်မကြာသေးခင်ကလည်း အသင်းနဲ့ ၂၀၂၅ခုနှစ်အထိ စာချုပ် သက်တမ်းတိုးထားခဲ့ပါသေးတယ်။ ဒါပေမယ့် မကြာခဏ ဒဏ်ရာတွေ ရတတ်တဲ့ နေမာရဲ့ အစဉ်အလာ နောက်ပြီး ပီအက်စ်ဂျီ ပရိသတ်တွေနဲ့ အဆင်မပြေမှုတွေကြောင့် ဒီနွေမှာပဲ အသင်းနဲ့ လမ်းခွဲရဖို့က နီးစပ်လာခဲ့ရပါတယ်။

Photo Credit : Manchester Evening News

ဒီအချိန်မှာ ယူနိုက်တက်ကလည်း အသင်းအတွက် သွင်းဂိုးတွေ ရယူပေးနိုင်မယ့် တိုက်စစ်ကစားသမားကောင်း တစ်ဦး လိုအပ်နေတယ်လို့ အသင်းနည်းပြ အဲရစ် တန်ဟက်ဂ်က ပွင့်ပွင့်လင်းလင်း ထုတ်ပြောထားပြီး အသင်းကလည်း စပါး တိုက်စစ်မှူး ဟာရီကိန်းကို အဓိက ပစ်မှတ်ထားနေပါတယ်။ စပါးဥက္ကဌ ဒန်နီရယ် လီဗီးကလည်း ကိန်းကို ယူနိုက်တက် အပါအဝင် ဘယ်အသင်းကိုမှ ရောင်းမထုတ်ချင်ပဲ တကယ်လို့ မဖြစ်မနေ ရောင်းရမယ်ဆိုရင်တောင် ပရီးမီးယားလိဂ် ပြင်ပအသင်းတွေဆီသာ ရောင်းထုတ်မှာမို့ ယူနိုက်တက်က ကိန်းထက် နေမာ ကို ပိုအာရုံစိုက်လာရပါတယ်။

Photo Credit : Tribuna

လက်ရှိမှာ နေမာကို ယူနိုက်တက်အပြင် မန်စီးတီးကလည်း စိတ်ဝင်စားနေပြီး ရက်ပိုင်းလေးအတွင်းမှာပဲ စီးတီး နည်းပြ ဂွာဒီယိုလာက နေမာကို ဖုန်းဆက်ခဲ့သေးတာကြောင့် မန်ချက်စတာ နှစ်သင်းက နေမာကို အပြိုင်လုရနိုင်ပေမယ့် နေမာကိုယ်တိုင်ကတော့ စီးတီး နဲ့ ယူနိုက်တက်မှာ ယူနိုက်တက်ဆီကိုသာ ပြောင်းရွှေ့ချင်နေပါတယ်။ ဒါပေမယ့် ယူနိုက်တက်အတွက် နေမာက ဟာရီကိန်းထက် အသက်လည်း ကြီး ပြောင်းရွှေ့ကြေးလည်း များနိုင်သလို fitness ပိုင်းမှာလည်း စိတ်မချရတာမို့ နေမာကို ခေါ်ဖို့ဆိုတာကလည်း စဉ်းစားစရာတွေ အများကြီး ရှိနိုင်ပါတယ်။

Featured Photo : FootballTransfers.com