နာမည်ကျော် စပယ်ရှယ်ဝမ်း ဘောလုံးနည်းပြကြီး ဂျိုဆေး မော်ရင်ဟိုက သူ့အနေနဲ့ ပေါ်တူဂီ လက်ရွေးစင် ဘောလုံးအသင်းကို ကျော်ပြီး ရိုးမားအသင်းကို ကိုင်တွယ်မိခဲ့တဲ့အပေါ် နောင်တရမိခဲ့တယ်လို့ ထုတ်ဖော် ဝန်ခံသွားခဲ့ပါတယ်။

Photo Credit: Goal

နည်းပြဘဝအတွင်း ပေါ်တို ချယ်လ်ဆီး အင်တာမီလန် ရီးယဲလ်မက်ဒရစ် မန်ယူနိုက်တက် စပါး ရိုးမားတို့လို တကယ့် ဥရောပထိပ်သီး ကလပ်အသင်းတွေကို ကိုင်တွယ်ခဲ့ပြီး ဆုဖလား အောင်မြင်မှုတွေနဲ့ တစ်ဦးချင်း အောင်မြင်မှုတွေကိုပါ ရယူထားနိုင်ခဲ့တဲ့ ကမ္ဘာကျော်နည်းပြကြီး မော်ရင်ဟိုဟာ လက်ရှိမှာတော့ ကလပ်အသင်းလက်မဲ့ နည်းပြတစ်ဦး ဖြစ်နေရပါတယ်။ အသက် (၆၁)နှစ်အရွယ် နည်းပြကြီး မော်ရင်ဟိုဟာ ဒီနှစ်အစောပိုင်းမှာပဲ ရိုးမားနည်းပြ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရပြီး အသင်းလက်မဲ့ ဖြစ်သွားခဲ့ရပေမယ့် မော်ရင်ဟိုလို အရည်အသွေးကောင်းတွေ ပြည့်ဝနေတဲ့ နည်းပြတစ်ဦးကို ကလပ်အသင်းတိုင်းလိုလိုက အလိုရှိနေကြပါတယ်။

Photo Credit: The National

တကယ်တော့ မော်ရင်ဟိုဟာ ရိုးမားအသင်းကို အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ဥရောပဖလားဖြစ်တဲ့ ယူရိုပါ ကွန်းဖရန့်စ်လိဂ်ဖလား ရယူပေးခဲ့သလို နောက်တစ်ရာသီမှာပဲ ယူရိုပါလိဂ် ဖိုင်နယ်အထိပါ ပို့ဆောင်ပေးခဲ့ပါသေးတယ်။ ဒါပေမယ့် မော်ရင်ဟိုက သူရဲ့ တတိယရာသီ ကျိန်စာဆိုးကြောင့်ပဲ ရာသီဝက်လောက်မှာ နည်းပြရာထူးကနေ ထုတ်ပယ်ခံရပြီး ရိုးမားက သူ့နေရာမှာ ကစားသမားဟောင်းကြီး ဒီရော့စီနဲ့ အစားထိုးသွားခဲ့ပါတယ်။ မော်ရင်ဟိုအနေနဲ့ ရိုးမားကနေ အခုလို မထုတ်ပယ်ခံရခင် ပေါ်တူဂီအသင်းရဲ့ ကမ်းလှမ်းမှုကို ရရှိခဲ့သေးပေမယ့်လည်း မော်ရင်ဟိုက ဒီကမ်းလှမ်းချက်ကို ပယ်ချခဲ့ပါတယ်။

Photo Credit: Marca

“ဘယ်လက်ရွေးစင်အသင်းကို နည်းပြချင်သလဲဆိုတော့ အဖြေက ရှင်းပါတယ် ပေါ်တူဂီအသင်းကိုပေါ့။ ပေါ်တူဂီကို ကိုင်တွယ်ဖို့ အခွင့်အရေးက (၂)ကြိမ်အထိ ရရှိခဲ့သေးပေမယ့်လည်း ဒီအခွင့်အရေးတွေက ကျွန်တော့်အတွက် အချိန်ကိုက် ရောက်လာတာမျိုးတွေ မဖြစ်ခဲ့ဘူး။ နောက်ပြီး ရိုးမားမှာ ဆက်နေဖို့အတွက် ပေါ်တူဂီရဲ့ နောက်ဆုံးအကြိမ် ကမ်းလှမ်းမှုကို ကျွန်တော် ပယ်ချခဲ့တာက အမှားတစ်ခုလို ဖြစ်သွားခဲ့ရတယ်။ ဒီကမ်းလှမ်းမှုကို ပယ်ချခဲ့လို့လည်း ကျွန်တော် နောင်တရမိတယ်။ ကျွန်တော် ဒီလို ဆုံးဖြတ်ချက်မျိုးကို မချမှတ်ခဲ့သင့်ပါဘူး။” လို့ မော်ရင်ဟိုက ဝန်ခံ ပြောကြားသွားခဲ့ပါတယ်။

Featured Photo: beIN SPORTS