ဒီနှစ် ဘောလုံးရာသီမှာ ဘရိုက်တန် က နည်းပြ (၂)ဦးနဲ့ စခန်းသွားခဲ့ရတယ်။ ပထမက ဂရေဟမ် ပေါ်တာ။ အသင်းနဲ့ ဟန်ချက်ညီပြီးသား နည်းပြ။ အသင်းနဲ့ ရာသီအစ ပွဲအနည်းငယ်လောက်သာ ဖြတ်သန်းထားရသေးချိန် ချယ်လ်ဆီးက ခေါ်ယူလို့ ပေါ်တာနေရာ ဒီဇာဘီနဲ့ အစားထိုးခဲ့ရတယ်။ အခု သူတို့အသင်းရဲ့ အဆင့် ရပ်တည်မှုက (၇)တဲ့။

Photo Credit : The Analyst

တစ်ရာသီတည်းမှာပဲ နည်းပြ အပြောင်းအလဲ လုပ်ဆောင်ထားရတဲ့ အသင်းတွေဟာ အသင်းရဲ့ ဟန်ချက်ပျက်သွားတတ်တာ မတည်ငြိမ်တာ ပိုများပေမယ့် ဘရိုက်တန်ကတော့ ဒီလိုမဟုတ်ပဲ တည်တည်ငြိမ်ငြိမ်နဲ့ ရှေ့ဆက်နေပြီး ဥရောပဝင်ခွင့်အတွက်ပါ မျှော်မှန်းနိုင်တဲ့ အခြေအနေထိ ရောက်နေပါပြီ။ တကယ်လို့ လက်ကျန်ပွဲတွေမှာ ရလဒ်တွေ ဆိုးရွှားရင်း ဥရောပဝင်ခွင့်နဲ့ လွဲချော်ရမယ် ဆိုရင်တောင် လာမယ့် ရာသီမှာ အသင်းကို အခုထက်မက အားကောင်းနေစေဖို့အတွက် အခုကတည်း ကစားသမား ဖြည့်တင်းမှုတွေကို စတင် လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။

Photo Credit : Transfermarket

ဘရိုက်တန် အနေနဲ့ လာမယ့် ရာသီမှာ ကွင်းလယ် ကြယ်ပွင့် အယ်လစ္စတာကို သေချာပေါက် ဆုံးရှုံးသွားရနိုင်ပါတယ်။ နောက်ထပ် ဂျပန် တောင်ပံကစားသမားလေး မိတိုမာလည်း အသင်းနဲ့ ဆက်လက် လက်တွဲဖို့ဆိုတာ မရေရာတဲ့ အနေအထား။ ဒီလို အခြေအနေမှာ ဘရိုက်တန်ဘက်က တိုက်စစ်နဲ့ တောင်ပံနေရာအတွက် ဝက်ဖို့ဒ်က ဘရာဇီးလ် ကစားသမားလေး ဂျာအိုပတ်ဒရိုကို ခပ်သွက်သွက် လှုပ်ရှားပြီး ခေါ်ယူနိုင်ခဲ့တယ်။ ဒါတင်မကသေးပဲ လီဗာပူးလ်နဲ့ သက်တမ်းကုန်တော့မယ့် ဝါရင့် ကစားသမားကြီး ဂျိမ်းစ်မီနာကို free transfer နဲ့ ခေါ်ယူဖို့လည်း အခြေအနေကောင်းနေပါတယ်။

Photo Credit : Sportbuzzer

ဒီ ကစားသမားနှစ်ဦးအပြင် မီနာလိုပဲ လာမယ့်နွေမှာ free agent ကစားသမားတစ်ဦးကိုပါ ထပ်မံ ခေါ်ယူနိုင်ဖို့ နီးစပ်လာခဲ့ပြန်ပါတယ်။ ဒီကစားသမားကတော့ ဒေါ့မွန်ရဲ့ ဂျာမနီ ကွင်းလယ်လူ ဒါဟုဒ်ပါ။ အသက် (၂၇)နှစ်အရွယ် ဆီးရီးယားနွယ်ဖွား ဒါဟုဒ်ဟာ ဒေါ့မွန်အတွက် ဘွန်ဒက်စ်လီဂါ ပွဲပေါင်း (၁၀၀) ကစားထားခဲ့တဲ့ ကွင်းလယ်လူ တစ်ဦး ဖြစ်ပြီး ဒဏ်ရာပြသာနာတွေကြောင့် ခြေစွမ်း ကျဆင်းခဲ့ရတဲ့ ဒါဟုဒ်အနေနဲ့ ဘရိုက်တန်မှာ ပြန်လည် တောက်ပလာနိုင်မလားဆိုတာ စောင့်ကြည့်သွားရပါမယ်။