ပွင့်လင်းရာသီ ရောက်တာနဲ့ လူတော်တော်များများ အရင်ဆုံးစဉ်းစားမိတာ ခရီး ထွက်ဖို့ပါ။ ခရီးထွက်ခြင်းဟာ စိတ်ကို အပန်းပြေစေရုံသာ မကပါဘူး။ မတူညီတဲ့ ပတ်ဝန်းကျင်အသစ် ၊ ယဉ်ကျေးမှုအသစ်တွေကို လေ့လာရင်း သဘာဝတရားရဲ့ အလှတရားတွေကိုလည်း ခံစားနိုင်စေပါတယ်။ ဒီတစ်ခေါက်တော့ ပွင့်လင်းရာသီ အားလပ်ရပ်မှာ ခရီးထွက်ဖို့အတွက် အကောင်းဆုံး နေရာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) Bacalar

Photo : Our Little Voyages

ကမ်းခြေချစ်သူတွေအတွက် အသစ်အဆန်းဖြစ်စေမယ့် နေရာတစ်ခုကတော့ ပင်လယ်မဟုတ်တဲ့ ကမ်းခြေတစ်ခုပဲ ဖြစ်ပါတယ်။ ဒါကတော့ မက္ကစီကိုမှာရှိပြီး ကာရေဘီယန်ကနေ၂ဝ ကီလိုမီတာလောက်မှာရှိတဲ့ ပင်လယ်ထုံးအိုင်ကြီးပဲ ဖြစ်ပါတယ်။ ရေအိုင်ကြီးဆိုပေမယ့် Maldives ရောက်နေသလို ခံစားရမယ့်အပြင် ကမ်းခြေတစ်ခုအလားပါပဲ။ အထူးခြားဆုံးအချက်ကတော့ ရေရဲ့ကာလာဟာ စိမ်းပြာရောင်နဲ့ အပြာရင့်ရင့် နှစ်ရောက်ကွဲပြီးပေါင်းစပ်နေခြင်း ဖြစ်ပါတယ်။ တကယ့်ကို ရင်သပ်ရှုမောစရာခံစားမှုတွေ ပေးစွမ်းနိုင်မယ့် နေရာဆိုတာ အသေချာပါပဲ။

(၂) Santorini

Photo : Santorini Experts

Santorini လို့ခေါ်တဲ့ ကျွန်းမြို့လေးကတော့ ဂရိစ် နိုင်ငံရဲ့ အရှေ့တောင်ဘက်မှာ တည်ရှိနေပါတယ်။ အဓိက ကျော်ကြားတာကတော့ တောက်ပတဲ့ အဖြူရောင် ဆေးသုတ်ထားတဲ့ အိမ်လေးတွေရယ် ကျဉ်းမြောင်းပြီး လှပတဲ့ ကျောက်ခင်းလမ်းတွေရယ်ပဲ ဖြစ်ပါတယ်။ အိမ်လေးတွေမှာ ညနေနေဝင်ချိန် ကြည့်ဖို့အတွက်လည်း လသာဆောင်လေးတွေ ထည့်သွင်းဆောက်လုပ် ထားပါသေးတယ်။

(၃) Matera

Photo : Generation Voyage

ခေတ်ဟောင်းရဲ့ အငွေ့အသက်တွေကို ပြန်လည်ခံစားရတာ နှစ်သက်သူတွေအတွက် တကယ့်ရာစုနှစ် လေးငါးခုလောက် နောက်ပြန်ရောက်သွားသလို ခံစားရစေမယ့်နေရာ ရှိပါတယ်။ သူကတော့ အီတလီနိုင်ငံရဲ့ မက်တီရာမြို့ပဲ ဖြစ်ပါတယ်။ နှစ်ပေါင်း ၇ဝဝဝ သက်တမ်းရှိပြီဖြစ်တဲ့ ဒီမြို့မှာဆိုရင် လှိုဏ်ဂူတွေကို အိမ်အဖြစ် တီထွင်ဆောက်လုပ်ထားတာက ထူးခြားချက် တစ်ခုပါ။ လှိုဏ်ဂူတွေထဲကို တကယ့်အဆင့်မြင့်ဟိုတယ်ကြီးတွေအဖြစ် တည်းခိုနိုင်လို့ ယခင်ကျောက်ခေတ်ကို ပြန်ရောက်သွားသလားတောင် ထင်မှတ်စေနိုင်ပါတယ်။ ဒီအချက်ကပဲ ဒီမြို့လေးကို ဥရောပရဲ့ ယဉ်ကျေးမှု ပြယုဂ်အဖြစ်တောင် တင်စားခံရစေပါတယ်။

(၄) Chefchaouen

Photo : La France Agricole

လှပလွန်းတဲ့ Chefchaouen မြို့လေးဟာ မိုရိုကို နိုင်ငံရဲ့ အနောက်မြောက်ဘက်မှာ တည်ရှိပါတယ်။ ဒီမြို့လေးဟာ လူတကာရဲ့ မျက်လုံးတွေကို ဖမ်းယူထားနိုင်တဲ့ အပြာရောင်ဆေးတွေသုတ်လိမ်းထားတဲ့ အဆောက်အအုံတွေကြောင့် လူသိများပါတယ်။ ဒီအပြာရောင် ဒီဇိုင်းကို ၁၉၃၀ ကတည်းက ဂျူးလူမျိုးတွေက မိတ်ဆက်ခဲ့တာပါ။ အပြာရောင်ဟာ ဂျူးတွေရဲ့ ကောင်းကင်နဲ့နတ်ပြည်ကို ကိုယ်စားပြုတဲ့ အမှတ်အသားတစ်ခုလည်း ဖြစ်ပါတယ်။ ဒီမြို့လေးမှာ လူဦးရေ ၄၀၀၀၀ ကျော်နေထိုင်ပြီး တည်ငြိမ်အေးချမ်းလှတဲ့ မြို့လေးတစ်မြို့ဖြစ်ပါတယ်။ ဒီမြို့လေးထဲမှာ ခရီး သွားတွေအတွက် ဈေးအတင့်အသင့် ရှိတဲ့ စားသောက်ဆိုင်တွေ၊ ကော်ဖီဆိုင်တွေ နဲ့ တည်းခိုဖို့နေရာလေးတွေလည်း ရှိပါတယ်။

Source : TraceDirecte

Featured Photo : RandomTrip