ဘောလုံးလောကရဲ့ GOAT ကြီးတစ်ဦးဖြစ်သူ လီယွန်နယ် မက်ဆီကတော့ ဒီနေ့ မနက်အစောပိုင်း အီကွေဒေါအသင်းနဲ့ ကစားခဲ့ရတဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် တောင်အမေရိကဇုန် ခြေစစ်ပွဲမှာ အာဂျင်တီးနားအသင်းအတွက် တစ်လုံးတည်းသော သွင်းဂိုးကို ဖရီးကစ်ကနေ တိုက်ရိုက် သွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit : Twitter

မက်ဆီ ဦးဆောင်လာတဲ့ အာဂျင်တီးနားအသင်းဟာ လာမယ့် ၂၀၂၆ခုနှစ် အမေရိကန် မက္ကဆီကို နဲ့ ကနေဒါ (၃)နိုင်ငံ ပူးတွဲ အိမ်ရှင်အဖြစ် ကျင်းပပြုလုပ်မယ့် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် တောင်အမေရိကဇုန် ခြေစစ်ပွဲရဲ့ အဖွင့်ပွဲစဉ်အဖြစ် အီကွေဒေါနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အီကွေဒေါက ကစားပုံ မာကြောတဲ့ အသင်းဖြစ်လို့ အာဂျင်တီးနားတို့ ဂိုးပေါက်တည့် ကန်ချက်တွေတောင် မရသလောက် ဖြစ်နေရင်း (၇၈)မိနစ်မှာ ဖရီးကစ်ကန်ခွင့် ရရှိသွားခဲ့ပါတယ်။

Photo Credit : TNT Sports Twitter

ဒီဖရီးကစ်ကိုတော့ အာဂျင်တီးနားရဲ့ အသင်းခေါင်းဆောင် GOAT ကြီး မက်ဆီက ကန်သွင်းရာ မက်ဆီရဲ့ ဖရီးကစ် ကန်သွင်းမှုက ပင်နယ်တီ ကန်ရတာထက်တောင် ဂိုးဝင်နိုင်ခြေ ပိုများနေရတဲ့အတိုင်း အီကွေဒေါ ဂိုးသမား ဘာမှကို မတက်နိုင်ပဲနဲ့ ဂိုးပေးလိုက်ရပါတယ်။ မက်ဆီအနေနဲ့ကလည်း ၂၀၁၈ခုနှစ် ဇန်နဝါရီလ (၁)ရက်နေ့ကတည်းက စတင်ပြီး နိုင်ငံ နဲ့ ကလပ်အသင်းတွေအတွက် ဖရီးကစ် တိုက်ရိုက် ကန်သွင်းမှုတွေထဲမှ (၃၁)ဂိုး ရယူနိုင်ခဲ့သလို ပင်နယ်တီကနေလည်း (၃၁)ဂိုး ရရှိခဲ့ပါတယ်။

Photo Credit : Twitter

မက်ဆီက အခုဆိုရင် ကစားသမားဘဝအတွင်း ဖရီးကစ်ကနေ တိုက်ရိုက် သွင်းယူခဲ့တဲ့ ဂိုးအရေအတွက်က (၆၅)ဂိုးအထိ ရှိလာခဲ့ရပြီး သူရဲ့ အင်တာ မိုင်ယာမီ သူဌေး အင်္ဂလန် ဘောလုံးသမားဟောင်းကြီး ဒေးဗစ် ဘက်ခ်ဟမ်းရဲ့ ဖရီးကစ် ဂိုးအရေအတွက်နဲ့ပါ တူညီသွားခဲ့ရပြီ ဖြစ်ပါတယ်။ ဖရီးကစ်ဂိုး (၆၅)ဂိုးအထိ သွင်းယူထားနိုင်တဲ့ မက်ဆီဟာ ဘောလုံးသမိုင်းတစ်လျှောက် ဖရီးကစ်ဂိုး အများဆုံး သွင်းယူထားကြတဲ့ ကစားသမား (၅)ဦးစာရင်းရဲ့ နံပါတ် (၅)နေရာမှာ ဘက်ခ်ဟမ်းနဲ့အတူ ပူးတွဲ ရပ်တည်ထားပြီး ဖရီးကစ်ကနေ နောက်ထပ် (၅)ဂိုး သွင်းလိုက်တာနဲ့ အဆင့်(၂)နေရာက ပီလီနဲ့ ဖရီးကစ်ဂိုး အရေအတွက်ချင်း တူညီသွားမှာလည်း ဖြစ်ပါတယ်။ လက်ရှိ ဘောလုံးလောကမှာ ဖရီးကစ်ကနေ ဂိုးအများဆုံး သွင်းထားသူကတော့ ဘရာဇီးလ် ကစားသမားဟောင်းကြီး ဂျူနင်ဟိုဖြစ်ပြီး (၇၇)ဂိုး သွင်းယူထားပါတယ်။

Featured Photo : Livescore Twitter