မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကစားသမားဟောင်းကြီး အသင်းခေါင်းဆောင်ဟောင်းကြီးဖြစ်သူ ရွိုင်ကိန်းကတော့ သူရဲ့ ဂျူနီယာ ကစားသမားဖြစ်တဲ့ လက်ရှိ ယူနိုက်တက် အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်ကို အသင်းခေါင်းဆောင် ရာထူးကနေ ဖယ်ရှားလိုက်သင့်ပြီလို့ မှတ်ချက်ပြု ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Sky Sports

နည်းပြ အဲရစ် တန်ဟက်ဂ် မန်ယူနိုက်တက်အသင်းဆီ ရောက်ရှိလာချိန်ကတည်းက အသင်းခေါင်းဆောင် နောက်ခံလူ မက်ဂွိုင်းယားကို အသင်းမှာ ပွဲကစားခွင့် သိပ်မပေးပဲ ပွဲအများစုမှာ ကွင်းလယ်လူ ဖာနန်ဒက်စ်ကိုသာ အသင်းခေါင်းဆောင် တာဝန်ပေးပြီး ဒီရာသီအစပိုင်းမှာလည်း အသင်းခေါင်းဆောင် လက်ပတ်ကို မက်ဂွိုင်းယားဆီကနေ ဖာနန်ဒက်စ်ဆီ တရားဝင် လွှဲပြောင်းပေးခဲ့ပါသေးတယ်။

Photo Credit : Extra

ဒါပေမယ့် ယူနိုက်တက်မှာ အသင်းခေါင်းဆောင်အဖြစ် ပွဲပေါင်းများစွာ ပါဝင်ကစားခဲ့ပြီး ယူနိုက်တက် သမိုင်းတစ်လျှောက် အထင်ရှားဆုံး အသင်းခေါင်းဆောင် ဖြစ်ခဲ့ဖူးတဲ့ ရွိုင်ကိန်းကတော့ ဖာနန်ဒက်စ်ကို အသင်းခေါင်းဆောင် တာဝန်ပေးထားတာ သဘောမကျကြောင်း ပြောဆိုလာခဲ့ပါတယ်။ “ဒီနေ့ ဘရူနို ကစားတာကို ကျွန်တော် ထပ်ကြည့်မိတော့ ကျွန်တော်သာဆိုရင် သူ့ဆီကနေ အသင်းခေါင်းဆောင် လက်ပတ်ကို ဖယ်ရှားပလိုက်မိမှာ ရာနှုန်းပြည့် အသေအချာပါပဲ။ ဒါက ကြီးမားတဲ့ ဆုံးဖြတ်ချက်ကြီး တစ်ခုဆိုတာ ကျွန်တော် သိပါတယ်။ ဒါကြောင့်လည်း သူတို့က မက်ဂွိုင်းယားဆီကနေ အသင်းခေါင်းဆောင် ရာထူးကို ဖယ်ရှားခဲ့တာ။”

Photo Credit : Sky Sports

“ဒါပေမယ့်လည်း ဘရူနိုက အသင်းခေါင်းဆောင် တစ်ယောက်ရဲ့ စရိုက်လက္ခဏာ ရှိမနေပါဘူး။ သူက အရည်အသွေးမြင့်တဲ့ ကစားသမားပါ။ ဒါ့အတွက် ဘာသံသယမှ ရှ်ိမနေပါဘူး။ ဒါပေမယ့် ကျွန်တော်တို့တွေ အမြဲပြောခဲ့သလို ပြီးခဲ့တဲ့နှစ်က လီဗာပူးလ်က ပွဲစဉ်ကအတိုင်း အခုပွဲမှာလည်း အော်ဟစ် ညည်းညူနေလိုက် လက်ကိုမြှောက်ပြီး စောဒကတက်နေလိုက်နဲ့။ ဒါက တကယ်ကို လက်ခံနိုင်စရာ မရှိပါဘူး။ ဒါကြောင့် အခုအချိန်ကနေ စတင်ပြီး သူရဲ့ အသင်းခေါင်းဆောင် တာဝန်ကို ကျွန်တော်တို့ ဖယ်ရှားလိုက်သင့်ပြီလို့ပဲ ထင်မိတယ်။” လို့ ရွိုင်ကိန်းက မှတ်ချက်ပြု ပြောကြားသွားခဲ့ပါတယ်။

Featured Photo : Sky Sports