မန်ချက်စတာ စီးတီးအသင်းရဲ့ အင်္ဂလန် ကြယ်ပွင့် ကစားသမား ဖေးလ် ဖိုဒန်ရဲ့ အသက် (၄)နှစ်အရွယ် သားတော်မောင် ရွန်းနေလေးက ဒီအသက်အရွယ်လေးမှာပဲ ဆိုရှယ်မီဒီယာပေါ်မှာ အရမ်းကျော်ကြားလာသူ ဖြစ်လာပြီး Instagram ပေါ်မှာပါ followers အရေအတွက်ပေါင်း (၃)သန်းအထိ ရှိလာတဲ့နောက်ပိုင်း အခုတော့ ထိပ်တန်း မော်ဒယ်အေဂျင်စီတစ်ခုနဲ့လည်း လက်တွဲလိုက်ပြီပဲ ဖြစ်ပါတယ်။

Photo Credit : Sport Brief

ဘောလုံးသမားတွေဟာ သူတို့ရဲ့ သားတွေကို သူတို့ ရောက်ရှိနေတဲ့ ကလပ်အသင်းတွေရဲ့ လူငယ် အကယ်ဒမီတွေမှာ ဘောလုံးပညာတွေ သင်ယူစေပြီး ဖခင်ခြေရာ နင်းနေတဲ့ သားတော်မောင်တွေ ဖြစ်လာအောင် လုပ်ဆောင်ပေးတက်ပါတယ်။ ဒါပေမယ့် ဖိုဒန်ရဲ့ သားဖြစ်သူ ရွန်းနေလေးကတော့ မန်စီးတီးအသင်း တူရကီမှာ ချန်ပီယံလိဂ်ဖလား ရရှိပြီး အောင်ပွဲခံနေချိန်မှာပဲ ဖိုဒန်ရဲ့ အသင်းဖော်တွေနဲ့အတူ ပျော်ရွှင်မြူးထူးစွာ အောင်ပွဲခံနေရင်း လူသိများ နာမည်ကြီးလာခဲ့ပါတယ်။

Photo Credit : Instagram

ဒီလိုနဲ့ တဖြည်းဖြည်းချင်း ကျော်ကြားလာခဲ့တဲ့ ရွန်းနေလေးဟာ ဆိုရှယ်မီဒီယာပေါ်မှာ နာမည်ကျော်တစ်ဦး ဖြစ်လာခဲ့ရပြီး သူရဲ့ Instagram account မှာဆိုရင်လည်း followers ကိုမှ သန်းချီ ရရှိထားသလို posts တိုင်းလိုလိုမှာလည်း likes အရေအတွက်က အနည်းဆုံး သိန်းချီတဲ့အထိ ရရှိခဲ့ပါသေးတယ်။ အခုတော့ ရွန်းနေလေးက ဖခင် ဖိုဒန်ရဲ့ ခြေရာကို နင်းဖို့ထက် အသက် ငယ်ငယ်လေးနဲ့ မော်ဒယ်တစ်ဦးအဖြစ် လုပ်ကိုင်သွားရဖို့ ရှိနေပြီး ဖခင်ထက်တောင် ဝင်ငွေ ပိုကောင်းတဲ့သူပါ ဖြစ်လာနိုင်ပါတယ်။

Photo Credit : All Football

အသက် (၂၃)နှစ်အရွယ်သာ ရှိနေသေးတဲ့ မန်စီးတီး ကစားသမား ဖိုဒန်ဟာ သူ နှစ်ပေါင်းများစွာ ချစ်ကြိုက်ခဲ့တဲ့ ရေဘတ်ကာ ကွတ်ခ်နဲ့ သားသမီးနှစ်ဦး ထွန်းကားထားတာဖြစ်ပြီး ရွန်းနေလေးကတော့ သားအကြီး ဖြစ်ကာ ညီမလေးတစ်ဦးကိုလည်း ပိုင်ဆိုင်ထားပါတယ်။ လက်ရှိမှာတော့ ရွန်းနေလေးအနေနဲ့ မန်စီးတီး လူငယ် အကယ်ဒမီမှာ ပါဝင်ဖို့ထက် ထိပ်တန်း မော်ဒယ် အေဂျင်စီနဲ့ပါ လက်တွဲလိုက်ပြီဖြစ်လို့ မော်ဒယ်လောကထဲမှာပါ ဆက်လက် ကျင်လည်သွားဖွယ်သာ ရှိနေပါတယ်။

Featured Photo : Sporting Life