အရပ်အမောင်း ကလန်ကလားနဲ့ ဂိုးသွင်းအားလည်း သိပ်မကောင်းလှတဲ့ တိုက်စစ်မှူး ဗောက် ဗက်ဟော့စ် ကို မန်ချက်စတာ ယူနိုက်တက်အသင်းက ပြီးခဲ့တဲ့ ရာသီရဲ့ လက်ကျန် ရာသီဝက်မှာ ဘန်လေကနေ အငှားနဲ့ ခေါ်ယူခဲ့ပါတယ်။ ဘန်လေလို အသင်းမျိုးမှာတောင် အသုံးမပြုချင်လို့ ဘက်ဆစ်တက်အသင်းဆီ အငှားချထားရတဲ့ ဗက်ဟော့စ်ကို ဘာကြောင့် အငှားနဲ့ ခေါ်ယူရသလဲဆိုတာ တကယ်ကို မေးခွန်းထုတ်ချင်စရာ ဖြစ်ခဲ့ရပါတယ်။

Photo Credit : Manchester United

ထင်ထားတဲ့အတိုင်းပဲ ဗက်ဟော့စ်က ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ ပွဲပေါင်း (၃၁)ပွဲကစားပြီး သွင်းဂိုးရယ်လို့ (၂)ဂိုးသာ သွင်းပေးခဲ့ပါတယ်။ သူရဲ့ ဘောလုံး အဆင့်တန်းက ယူနိုက်တက်လို ကလပ်အသင်းမျိုးနဲ့ မထိုက်တန်ဘူး ၊ ယူနိုက်တက် ဂျာစီ မဝတ်ထိုက်ဘူးလို့ အမျိုးမျိုး ဝေဖန်ကြပေမယ့်လည်း ဗက်ဟော့စ် ရဲ့ ယူနိုက်တက်အတွက် ဆိုပြီး စိတ်နှစ် ကစားပေးနိုင်မှုကတော့ တကယ်ကို အသိအမှတ်ပြုချင်စရာပါ။ အိုးထရက်ဖို့ဒ်မှာ ဂိုးသွင်းနိုင်လို့ စိတ်ခံစားချက်အပြည့်နဲ့ အောင်ပွဲခံမှုတွေဟာလည်း ယူနိုက်တက် ပရိသတ်တွေအတွက် တကယ် အမှတ်ရစရာပါ။

Photo Credit : Football365

အခုတော့ ဗက်ဟော့စ် ဟာ ယူနိုက်တက်ကနေ ဘန်လေဆီ ပြန်သွားခဲ့ရပါပြီ။ ဒီအချိန်မှာပဲ ဗက်ဟော့စ်က ယူနိုက်တက် ပရိသတ်တွေကို နှုတ်ဆက်တဲ့ အနေနဲ့ ဗီဒီယိုတစ်ခု မျှဝေသွားခဲ့ပါတယ်။ ဒီဗီဒီယိုထဲမှာတော့ ဗက်ဟော့စ်က “ချစ်လှစွာသော မန်ယူနိုက်တက်အသင်း ပရိသတ်များရေ အရာအားလုံးအတွက် ခင်ဗျားတို့ကို ကျွန်တော် ကျေးဇူးတင်ရှိပါတယ်။ ကျွန်တော် ဒီကလပ်အသင်းမှာ ပါဝင်ခွင့် ရခဲ့တဲ့ အချိန်တိုင်း စက္ကန့်တိုင်းကို ကျွန်တော် အရမ်းပဲ နှစ်သက် မြတ်နိုးမိပါတယ်။”

Photo Credit : Football365

“ဆုဖလား ရရှိခဲ့တာကနေ အိုးထရက်ဖို့ဒ်မှာ ဘက်တစ်အသင်းနဲ့ပွဲအတွင်း ဂိုးသွင်းယူနိုင်ခဲ့တာ အပါအဝင်ပေါ့။ အိမ်မက်တွေက တကယ် ဖြစ်လာခဲ့ရတယ်။ ယူနိုက်တက်ရဲ့ လိုဂိုကို ဆင်မြန်းထားရချိန်က မယုံနိုင်စရာကောင်းလောက်အောင် ဂုဏ်ယူမိခဲ့ရတယ်။ အနာဂတ်မှာ အကောင်းဆုံးတွေ ဖြစ်လာပါစေလို့ ကျွန်တော် ဆန္ဒပြုမိပါတယ်။ မန်ချက်စတာ ယူနိုက်တက်အသင်း ပရိသတ်တွေအားလုံးကိုလည်း အရာအားလုံးအတွက် ကျေးဇူးတင်ရှိပါတယ်။” လို့ ထည့်သွင်း ပြောကြားသွားခဲ့ပါတယ်။

Featured Photo : Sports Illustrated