ဒီရာသီ အန်ဖီးလ်မှာ ကစားခဲ့တဲ့ ပွဲစဉ်တိုင်းမှာ အိမ်ရှင် လီဗာပူးလ်အသင်းက ပွဲတိုင်းကို အနိုင်ရထား ဂိုးတွေ သွင်းထားနိုင်ခဲ့ပါတယ်။ အန်ဖီးလ်မှာ သူတို့ မနိုင်ဖူးသေးတဲ့ အသင်း ၊ ဂိုးမသွင်းဖူးသေးတဲ့ အသင်းဆိုလို့ တစ်သင်းမှ မရှိသေးပေမယ့်လည်း ခြေမြူးနေတဲ့ မက်ဂွိုင်းယားလည်း မပါ ၊ ဖိုက်တာလေး လီဆန်ဒရို မာတီနက်ဇ်လည်း မပါနဲ့ ဖုန်းတစ်ဂိုးရှင် အိုနာနာ လူအိုကြီး အီဗန်စ် အရန်ခုံကနေ ပြန်ထလာရသူ ဗာရန်းတို့နဲ့ မန်ချက်စတာ ယူနိုက်တက် ခံစစ်က လီဗာပူးလ်တိုက်စစ်ကို ရပ်တန့်ပစ်ခဲ့ပါတယ်။

Photo Credit : United in Focus

လီဗာပူးလ်က ဒီရာသီ အန်ဖီးလ်မှာဆိုရင် တစ်ပွဲကို အနည်းဆုံး (၂)ဂိုးလောက်အထိ သွင်းယူနိုင်တဲ့ အသင်းပါ။ ဒီအသင်းရဲ့ တိုက်စစ်ကို သာမာန်ခံစစ်မျိုးနဲ့ ပွဲချိန်ပြည့် ထိန်းချုပ်ဖို့ဆိုတာ မလွယ်ကူနိုင်ပါဘူး။ ဒါပေမယ့် ခံစစ်ပိုင်း အားနည်းချက်တွေအပြင် တစ်ရာသီလုံး တည်ငြိမ်တဲ့ ခြေစွမ်းမျိုးပါ မပိုင်ဆိုင်ထားရသော ယူနိုက်တက်က အန်ဖီးလ်မှာ ဂိုးမရှိသရေဖြစ်အောင် ကစားနိုင်ခဲ့လို့ ဒီရလဒ်အပေါ် လီဗာပူးလ် အသင်းခေါင်းဆောင် ဗာဂျယ် ဗန်ဒိုက်က စိတ်ပျက်လက်ပျက် ညည်းတွားလာခဲ့ပါတယ်။

Photo Credit : Liverpool Echo

ဗန်ဒိုက်က ဒီပွဲမှာ အသင်းတစ်သင်းတည်းကသာ နိုင်ပွဲရယူဖို့ ကြိုးစားအားထုတ်ခဲ့တာဖြစ်ပြီး ပြိုင်ဘက်အသင်းကတော့ သရေတစ်မှတ်ကိုပါ အလွန်အမင်း ကျေနပ်လွန်းနေတယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒီလို ပြောဆိုမှုကို ယူနိုက်တက်ရဲ့ ကစားသမားဟောင်းကြီး ရွိုင်ကိန်းက စိတ်ပေါက်သွားခဲ့ပြီး ဗန်ဒိုက်ကိုလည်း ပြန်လည် တုံ့ပြန်သွားခဲ့ပါတယ်။

Photo Credit : Sky Sports

ဗန်ဒိုက်က ဘဝင်လေဟပ်ပြီး ပြိုင်ဘက်အသင်းအပေါ်လည်း လေးစားမှု မရှိတဲ့ စကားတွေပါ ပြောဆိုလာခဲ့တာဟာ လက်ခံနိုင်စရာ မရှိသလို သူ အခု ပါဝင်ကစားနေတဲ့ အသင်းကလည်း အနှစ် (၃၀)အတွင်းမှာ အမှတ်ပေးဖလားကို တစ်ကြိမ်ပဲ ရယူနိုင်ခဲ့ အသင်းဖြစ်လို့ ဒါကို ဘဝင်မြင့်နေစရာ မလိုဘူးလို့ ရွိုင်ကိန်းက ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် လီဗာပူးလ်အသင်းက ဒီပွဲမှာ အခွင့်အရေးတွေ အမြောက်အများ ရရှိခဲ့ပြီး ဒီအခွင့်အရေးကို အသုံးမချနိုင်ခဲ့လို့သာ အခုလို ရလဒ်မျိုး ထွက်ပေါ်ခဲ့တာ ဒါက ယူနိုက်တက်နဲ့ ဘာမှမဆိုင်နေဘူးလို့ ရွိုင်ကိန်းက ပြန်တုံ့ပြန်သွားပါတယ်။

Featured Photo : beIN SPORTS