ထိုင်းနိုင်ငံ ဘန်ကောက်ကို သွားရောက် လည်ပတ်တော့မယ်ဆိုရင် ဘန်ကောက်မြို့ရဲ့ ထူးခြားတဲ့ Nightlife အတွေ့အကြုံကိုတော့ သေချာပေါက် မြည်းစမ်းကြည့်သင့်ပါတယ်။ ဘန်ကောက် မြို့မှာ ညခင်း လည်ပတ်စရာနေရာတွေ အရမ်းကိုများပါတယ်။ ညဈေးတန်းတွေ ၊ စားသောက်ဆိုင်နဲ့ ဘားတွေ ၊ ကလပ်တွေနဲ့ ပြဇာတ်ရှိုးတွေအထိ ရင်ခုန်စိတ်လှုပ်ရှားဖို့ကောင်းတဲ့ ပျော်ရွှင်ဖွယ်ရာ လည်ပတ်စရာတွေ အများကြီးပါ။ ဒီဆောင်းပါးလေးမှာတော့ ဘန်ကောက်ရောက်ရင် ညခင်းဘက် ဘယ်နေရာတွေ သွားရောက်သင့်လဲဆိုတာ မျှဝေပေးချင်ပါတယ်။

(၁) မွေထိုင်းရိုးရာ သရုပ်ဖော်ပြဇာတ်

Photo : Hotels.com

ဘန်ကောက် မြို့ရဲ့ နာမည်ကြီး RiverFront Market ဖြစ်တဲ့ Asiatique ကတော့ ခရီးသွားချစ်သူတွေကြားမှာ ရေပန်းစားပြီးသား ညခင်း လည်စရာနေရာ တစ်ခုပါ။ Asiatique မှာက ဈေးဆိုင်တန်းတွေ ၊ စားသောက်ဆိုင် ၊ ဘားနဲ့ ဖျော်ဖြေရေးနေရာတွေ အများကြီး ရှိပါတယ်။ ဒီထဲမှာ စိတ်ဝင်စားဖို့ကောင်းတာတစ်ခုကတော့ ရှေးခေတ်မွေထိုင်းရိုးရာ သရုပ်ဖော်ပြဇာတ်ရုံ ရှိတာပါ။ ဒီပြဇာတ်က မွေထိုင်းရဲ့ရိုးရာ ကစားဟန် လှုပ်ရှားမှုတွေနဲ့ ဖျော်ဖြေမှုတွေကို ပေါင်းစပ်ကာ Live Show အနေနဲ့ တင်ဆက်တာဖြစ်တာကြောင့် ပြဇာတ်ဝါသနာအိုးတွေ ၊ မိသားစုနဲ့ သွားရောက်လည်ပတ်သူတွေ ဒါမှမဟုတ် ထိုင်းရိုးရာယဉ်ကျေးမှုတွေကို စိတ်ဝင်စားသူတွေ သွားရောက်ကြည့်သင့်တဲ့ သရုပ်ဖော်ပြဇာတ်တစ်ခု ဖြစ်ပါတယ်။

(၂) Chao Praya မြစ်ပေါ်က ဇိမ်ခံသင်္ဘော

Photo : Hotels.com

ဘန်ကောက် ရဲ့ အကြီးဆုံး မြစ်တစ်ခုဖြစ်တဲ့ Chao Praya မြစ်ပေါ်က ဇိမ်ခံသင်္ဘောကြီးပေါ်မှာ ညစာစားရင်း မြို့ပြ ညခင်း ရဲ့ထူးခြားတဲ့ အတွေ့အကြုံကို ခံစားနိုင်ပါတယ်။ ဇိမ်ခံသင်္ဘောကြီးပေါ်မှာ အရသာရှိတဲ့ ထိုင်းအစာအစာတွေကို မြည်းစမ်းရင်းနဲ့ မြစ်ကမ်းပါးတစ်လျှောက်က ထူးခြားစွဲမက်ဖွယ် မီးရောင်စုံညခင်း မြင်ကွင်းတွေဟာ မမေ့နိုင်စရာ အမှတ်တရတွေကို ဖန်တီးပေးမှာ အသေအချာပါပဲ။

(၃) ဂျက်ဇ်ဘားများ

Photo : Hotels.com

ဘန်ကောက်ရဲ့ Nightlife အတွေ့အကြုံလည်း ခံစားချင်တယ် ၊ နိုက်ကလပ်လို ဆူဆူညံ့ညံ့နဲ့ ကခုန်ရတဲ့ ဖီလင်ကိုလည်း မကြိုက်ဘူးဆိုရင်တော့ ဂျက်ဇ်ဘားတွေ အများကြီး ရှိပါတယ်။ တကယ်ကိုပဲ စတိုင်ကျကျနဲ့ Classy ဖြစ်တဲ့ Vibe မျိုး အပြည့်အဝရနိုင်မယ့် ဂျက်ဇ်ဘားတွေက နိုင်ငံခြားသား ခရီးသွားတွေအတွက် ဆွဲဆောင်စရာတစ်ခုပါ။ အရသာရှိတဲ့ အစားအသောက်တွေနဲ့ ပြည်တွင်းပြည်ပက ဂျက်ဇ် ဂီတပညာရှင်တွေရဲ့ အမိုက်စားဖျော်ဖြေ တင်ဆက်မှုတွေကို ခံစားနားဆင်းရင်း ညခင်း ကို ဇိမ်ကျကျ ဖြတ်သန်းချင်သူတွေအတွက် ကွက်တိပါပဲ။

(၄) Siam Niramit ယဉ်ကျေးမှုကပွဲ

Photo : Hotels.com

Land of Smiles လို့ တင်စားကြတဲ့ ထိုင်းလူမျိုးတွေရဲ့ ကြီးကျယ်ခမ်းနားတဲ့ ရိုးရာယဉ်ကျေးမှုတွေကို မိနစ် ၈၀ ကြာ ခံစားကြည့်ရှုရမယ့် Siam Niramit Cultural Show ကလည်း ဘန်ကောက် မှာ သေချာပေါက်သွားကြည့်သင့်တဲ့ နေရာတွေထဲက တစ်ခုပါပဲ။ Siam Niramit Cultural Show ဟာ ထိုင်းလူမျိုးတွေရဲ့‌ ရှေးအကျဆုံးသော ရိုးရာယဉ်ကျေးမှုတွေ ၊ ကံကြမ္မာချည်နှောင်ပုံနဲ့ ဘာသာရေးအယူတွေကို စိတ်ဝင်စားဖို့ကောင်းအောင် တင်ဆက်ကပြတဲ့ ကပွဲတစ်ခုဖြစ်ပါတယ်။ လူအင်အား ၊ ပြဇာတ်အပြင်အဆင် အနေအထားတွေကို သေချာ ခမ်းခမ်းနားနား ပြင်ဆင်တင်ဆက်ထားတဲ့အတွက် သွားရောက်ကြည့်ရှု အချိန်ပေးရကျိုး နပ်မယ်ဆိုတာ သေချာပေါက် အာမခံပါတယ်။

(၅) Rooftop ဘားနဲ့ နိုက်ကလပ်များ

Photo : Hotels.com

တိမ်တွေနဲ့ အနီးဆုံးနေရာကနေ ကောင်းကင်ကြီးကို မော့ကြည့်ရင်း ကော့လ်တေးကောင်းကောင်းတစ်ခွက်ရဲ့ အရသာကို ဇိမ်ကျကျ ခံစားချင်သူတွေအတွက် ဘန်ကောက် တစ်ခွင်မှာ သွားရောက်လည်ပတ်စရာ Rooftop ဘားတွေ အများကြီး ရှိပါတယ်။ မြို့ပြရဲ့ ရင်သပ်ရှုမောဖွယ် မီးရောင်စုံ ညခင်း မြင်ကွင်းတွေကို အပေါ်စီးကနေ တဝကြီး ကြည့်ရှုရင်းနဲ့ လွတ်လပ်တဲ့ အရသာကို ထိထိမိမိခံစားနိုင်မှာပါ။ အဲ့ဒီကနေမှတဆင့် EDM ၊ Hip Hop ကနေ Techno ၊ House ဂီတတွေအထိ စီးမြောကခုန် ပျော်ပါးနိုင်မယ့် ဘန်ကောက်ရဲ့ အကောင်းဆုံး နိုက်ကလပ်တွေကိုလည်း ခရီးဆက်နိုင်ပါတယ်။

(၆) ဘန်ကောက် ညဈေးတန်း

Photo : Hotels.com

ဘားတွေ ၊ ကလပ်တွေပဲ သွားရတာ ငြီးငွေ့တယ် ဒါမှမဟုတ် အဲ့လိုပျော်ပါးကခုန်ရတဲ့ ဖီလင်တွေသိပ်မကြိုက်ဘူးဆိုရင်တော့ လျှောက်သွားလျှောက်စား လို့ရမယ့် ညခင်း လည်ပတ်စရာ Night Markets တွေလည်း အများကြီး ရှိပါတယ်။ Night Markets တွေမှာ အစားတလိုင်းတို့အနေနဲ့ ဘန်ကောက် ရဲ့ ထူးခြားပြီး စားချင့်စဖွယ် လမ်းဘေးအစားအစာတွေကို မြည်းစမ်းနိုင်သလို စျေးသက်သာပြီး လိုချင်စရာကောင်းတဲ့ ကုန်ပစ္စည်းမျိုးစုံကိုလည်း ဈေးဝယ်ထွက်နိုင်ပါတယ်။ မိသားစုနဲ့ဖြစ်ဖြစ် ၊ ဘော်ဒါအပေါင်းအသင်း သူငယ်ချင်းတွေနဲ့ဖြစ်ဖြစ် ၊ ချစ်သူလေးနဲ့ပဲဖြစ်ဖြစ် ဘန်ကောက်ရဲ့ Night Markets တွေကို သွားရောက်လည်ပတ်ရင်း ပျော်ရွှင်စရာ အခိုက်အတန့် ကောင်းလေးတွေ ဖန်တီးလိုက်ပါ။

Featured Photo : PlacesofJuma