ထိုင်းနိုင်ငံ ဘန်ကောက် တခွင်က Tourist Attractions နေရာတွေ အကြောင်း‌ပြောတဲ့အခါ Floating Markets လို့ခေါ်တဲ့ လှေငယ်လေးတွေနဲ့ ဈေးရောင်းကြတဲ့ ရေပေါ်ဈေးတွေဟာ မပါမဖြစ်ပါပဲ။ Floating Markets တွေဟာ ၁၉ ရာစုဝန်းကျင်လောက်က ဘန်ကောက်မြို့တွင်းက တူးမြောင်းတွေ ၊ ချောင်းငယ်လေးတွေမှာ အဓိက သယ်ယူပို့ဆောင်ရေး စနစ်တစ်ခုအဖြစ်ရှိခဲ့ကြပြီး ကုန်စည်ပစ္စည်း ကူးသန်းရောင်းဝယ်ရေးအတွက် လှေတွေကို အဓိက မှီခိုအားထားခဲ့ရတာပါ။ လက်ရှိအချိန်အထိလည်း Floating Markets တွေဟာ ကျန်ရှိနေသေးပြီး နိုင်ငံခြားခရီးသွားတွေကို ဆွဲဆောင်တဲ့ လည်ပတ်စရာနေရာတစ်ခုအဖြစ် ရှိနေပါတယ်။ ဒီဆောင်းပါးမှာတော့ ခရီးသွား ကွီးတို့ ဘန်ကောက်ရောက်ရင် မမေ့မလျော့သွားလည်သင့်တဲ့ ရေပေါ်ဈေးတွေအကြောင်း ပြောပြပေးချင်ပါတယ်။

(၁) Damnoen Saduak ရေပေါ်ဈေး

Photo : klook.com

ဘန်ကောက် မှာတော့ Damnoen Saduak ရေပေါ်ဈေး ဆိုရင် မသိတဲ့သူ မရှိသလောက်ပါပဲ။ ဒေသခံတွေကြားမှာရော နိုင်ငံခြား ခရီးသွားတွေ ကြားမှာပါ ရေပန်းစား နာမည်ကြီးပါတယ်။ Damnoen Saduak ရေပေါ်ဈေး ထိုင်းလူမျိုး ဒေသခံတွေရဲ့ ရိုးရာယဉ်ကျေးမှု အငွေ့အသက်တွေကို မြင်တွေ့ခံစားရမှာဖြစ်ပြီး လတ်ဆတ်တဲ့ ရာသီထွက် သစ်သီးဝလံတွေကစလို့ ထိုင်းဒေသထွက် အစာအစားတွေ ၊ ထူးခြားတဲ့ ရိုးရာပစ္စည်းတွေကို ဝယ်လို့ရမှာ ဖြစ်ပါတယ်။

(၂) Amphawa ရေပေါ်ဈေး

Photo : klook.com

Amphawa ရေပေါ်ဈေးကတော့ ဈေးဝယ်သူတွေနဲ့ လာရောက်လည်ပတ်သူတွေ ကြိတ်ကြိတ်တိုး စည်ကားနေတဲ့ Vibe ကိုမကြိုက်ပဲ အေးအေးဆေးဆေး ဈေးဝယ်ထွက် လည်ပတ်ချင်သူတွေ သွားသင့်တဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ Amphawa ကို သွားလည်မယ်ဆိုရင်တော့ နေ့ခင်းပိုင်းနဲ့ ညနေခင်းကို ရွေးသင့်ပြီး အဓိက ဒီဈေးမှာ နာမည်ကြီးတာတော့ အစားအသောက် အထူးသဖြင့် ပင်လယ်စာရောင်းချတဲ့ ဆိုင်တွေနဲ့တွဲပြီး လူသိများ ကျော်ကြားပါတယ်။

(၁) Taling Chan ရေပေါ်ဈေး

Photo : klook.com

Taling Chan ကို ဘန်ကောက် မြို့တွင်းက သွားလာရ အလွယ်ကူဆုံးနဲ့ ဟင်းသီးဟင်းရွက် ၊ သစ်သီးဝလံတွေ လှိုင်လှိုင်ပေါတဲ့ ရေပေါ်ဈေးတစ်ခုလို့ လူသိများပါတယ်။ အရောင်အသွေးစုံလင်လှတဲ့ လှေပေါ်ရောင်းချတဲ့ သစ်သီးဆိုင်တွေ ၊ ဒေသထွက် လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်ဆိုင်တွေနဲ့ ဈေးပတ်ဝန်းကျင် အခင်းအကျင်းဟာ ထိုင်းရိုးရာ ယဉ်ကျေးမှုကို ထင်ဟပ်စေတာကြောင့် ဓာတ်ပုံလှလှရိုက်ချင်သူတွေအတွက် ကွက်တိပါပဲ။ နောက်ထပ် Taling Chan ရေပေါ်ဈေးမှာ ဈေးသက်သက်သာသာ အပန်းဖြေလို့ရမယ့် ထိုင်းရိုးရာ အနှိပ်သည်တွေဟာလည်း ခရီးသွားချစ်သူတွေကြားမှာ နာမည်ကြီး ရေပန်းစားပါတယ်။

(၄) Bang Nam Phueng ရေပေါ်ဈေး

Photo : klook.com

ဘန်ကောင်မြို့ရဲ့ ဆင်ခြေဖုံးရပ်ကွက်တွေနဲ့ ဆက်စပ်နေတဲ့ ချစ်စရာ ‌ရေပေါ်ဈေးလေးတစ်ခုပါ။ Bang Nam Phueng ရေပေါ်ဈေးက တိတ်တိတ်ဆိတ်ဆိတ်ရှိတယ် ၊ နားအေးပါးအေးနဲ့ သက်တောင့်သက်သာဖြစ်တယ် ၊ တစ်နှစ်ပတ်လုံး ခရီးသွားတွေနဲ့ ပြည့်ကျပ်နေတဲ့ နေရာတစ်ခု မဟုတ်ပါဘူး။ ကျောက်ဖရားမြစ်ဘေးမှာ တည်ရှိပြီး ဈေးပတ်ဝန်းကျင်ဟာ သဘာဝအငွေ့အသက်တွေနဲ့ စိမ်းစိုလတ်ဆတ်နေတာကြောင့် ဘန်ကောက် ရဲ့ “Green Lung ” လို့ပင် တင်စားခေါ်ဝေါ်ကြပါတယ်။

Source : klook.com

Featured Photo : klook.com