ကျွန်တော်တို့တွေ Declan Rice ကို သူရဲ့နောက်ဆုံး နာမည် Rice အတွက် ထမင်း လို့ နာမည်ပြောင်ပေးထားကြပါတယ်။ အခုတော့ ထမင်းကို ဆင်ပျံကြီးက ခေါ်ယူနိုင်ဖို့ အပီအပြင်ကို ကြိုးပမ်းနေချိန် ထမင်းကိုယ်တိုင်ကလည်း ဆင်ပျံကြီးနဲ့ ပူးပေါင်းချင်နေပေမယ့် မန်ချက်စတာနှစ်သင်းကလည်း ဆင်ပျံကြီး လက်ထဲ ရောက်ခါနီးနေတဲ့ ထမင်းကို လုယူချင်နေကြပါတယ်။

Photo Credit : The Short Fuse

ဆင်ပျံကြီး အာဆင်နယ်က သူတို့အသင်းရဲ့ ကွင်းလယ်ပိုင်းအတွက် ထမင်း ကို ကမ်းလှမ်းမှုတွေ အမှန်တကယ် လုပ်ဆောင်ထားတယ်။ မန်ချက်စတာ နှစ်သင်းကတော့ စောင့်ကြည့်ဆဲအဆင့်သာ ရှိနေသေးပြီး ဝက်စ်ဟမ်းကတော့ သူတို့ ထမင်းကို ဝိုင်းပြီး ဝယ်ချင်နေတာမျိုး ဖြစ်ချင်နေပါတယ်။ ဒါကြောင့်မလို့ ထင်ပါရဲ့။ အာဆင်နယ်ရဲ့ နှစ်ကြိမ်တိုင် ကမ်းလှမ်းမှုလုံးကို ဝက်စ်ဟမ်းဘက်က ပယ်ချထားခဲ့တယ်။ ဒါပေမယ့် အာဆင်နယ်ရဲ့ ကမ်းလှမ်းမှုက ဝက်စ်ဟမ်း လက်ခံမယ်ဆို လက်ခံနိုင်လောက်တဲ့ ပမာဏအထိတော့ ရောက်နေပြီလို့ နာမည်ကျော် ဘောလုံးသတင်းထောက်တွေက သုံးသပ်ထားခဲ့ပါတယ်။

Photo Credit : Football London

ဒီလိုအချိန်မှာ ယူနိုက်တက်က သူတို့ရဲ့ ကြီး (၂)ကြီးဖြစ်တဲ့ အသင်းခေါင်းဆောင် ဂေါင်းကြီး နဲ့ စကော့ တုတ်ကြီးတို့ထဲက တစ်ဦးဦးကို အလိုက်ပေးပြီး ကမ်းလှမ်းမှု ပြုလုပ်သွားဖို့ ရှိနေရာ ဒီကမ်းလှမ်းမှုက ဝက်စ်ဟမ်း နည်းပြ ဒေးဗစ်မွိုက်စ်အတွက် စိတ်ဝင်စားစရာ ဖြစ်လာခဲ့ရပါတယ်။ မွိုက်စ်ကြီးက ယူနိုက်တက်က ဂေါင်းကြီးကို သဘောကျသူဖြစ်ပြီး တကယ်လို့ တုတ်ကြီးကို ရမယ်ဆိုရင်လည်း ထမင်း နေရာမှာ တုတ်ကြီးနဲ့ အစားထိုးနိုင်တာဖြစ်လို့ ဒါက မွိုက်စ်အတွက် စဉ်းစားစရာ ဖြစ်လာနိုင်ပါတယ်။

Photo Credit : l.iverpool Echo

တစ်ဖက်က စီးတီးကို ကြည့်မယ်ဆိုရင်လည်း ဂွန်ဒိုဂန် ဘာဆာကို ဒိုးသွားချိန် ကိုဘချစ်ကို ချယ်လ်ဆီးကနေ ခေါ်ယူထားပေမယ့် သူတို့လည်း ထမင်းကို try လာနိုင်ပါသေးတယ်။ ဆိုတော့ ဒီအခြေအနေမှာ ထမင်း ကို ဘယ်အသင်းက စားခွင့်ရသွားမလဲဆိုတာ စိတ်ဝင်စားစရာ ဖြစ်လာပါတယ်။ ဆင်ပျံတို့က ထမင်းစားဖို့ အလားအလာ အကောင်းဆုံးလို့ ဆိုနိုင်ပေမယ့်လည်း ပါးစပ်ထဲ ထမင်းလုပ် မဝင်ခင်အထိတော့ ဘယ်အသင်း ပါးစပ်ပေါက်ထဲ ထမင်းဝင်သွားမလဲဆိုတာ ဆက်လက် စောင့်ကြည့်သွားရပါမယ်။

Featured Photo : Football365