နေမာကတော့ ဘိုလစ်ဗီးယားအသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ ၂၀၂၆ ကမ္ဘာ့ဖလား တောင်အမေရိကဇုန် ခြေစစ်ပွဲစဉ်အတွင်း ဘရာဇီးလ်အသင်းအတွက် သွင်းဂိုး (၂)ဂိုး သွင်းယူပြီးခဲ့တဲ့နောက် သူရဲ့ ဘရာဇီးလ် ကစားသမားဘဝ စုစုပေါင်း သွင်းဂိုးအရေအတွက်ဟာ (၇၉)ဂိုးအထိ ရှိလာခဲ့ပြီး ပီလီ တင်ရှိထားတဲ့ စံချိန်ကိုပါ ကျော်လွန်သွားရင်း နေမာဟာ ဘရာဇီးလ်အသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်လာခဲ့ရပါတယ်။

Photo Credit : Twitter

၂၀၁၀ခုနှစ်ကနေ စတင်ပြီး ဘရာဇီးလ် လက်ရွေးစင်အသင်းအတွက် ကစားခဲ့ရင်း သွင်းဂိုး (၁)ဂိုးပါ သွင်းယူနိုင်ခဲ့တဲ့ နေမာဟာ (၁၂)နှစ်တာ ကာလအတွင်း ဘရာဇီးလ်အတွက် ဂိုးတွေ ဆက်တိုက် သွင်းယူရင်း သူရဲ့ ဘရာဇီးလ် လက်ရွေးစင် ဘဝ သွင်းဂိုး အရေအတွက်က (၇၉)ဂိုးအထိ ရှိလာခဲ့ရပါတယ်။ အသက် (၃၁)နှစ်အရွယ် ဘရာဇီးလ် စူပါစတား ကစားသမား နေမာက ဘရာဇီးလ်နဲ့ ၂၀၁၃ ကွန်ဖရက်ဒေးရှင်ဖလား တစ်ခုတည်းကိုသာ ပိုင်ဆိုင်ထားခဲ့ရတယ် ဆိုပေမယ့်လည်း ဘရာဇီးလ်အတွက်ကိုတော့ အခုလို (၇၉)ဂိုးထိ သွင်းယူရင်း အသင်းသမိုင်းတစ်လျှောက် ဘရာဇီးလ်ရဲ့ ဂိုးသွင်းအများဆုံး ဖြစ်လာခဲ့ရပါတယ်။

Photo Credit : Twitter

ဘရာဇီးလ်အသင်းနဲ့ ကမ္ဘာ့ဘောလုံးလောကရဲ့ ဂန္တဝင် ကစားသမားကြီးဖြစ်တဲ့ ပီလီက ဘရာဇီးလ်အတွက် (၇၇)ဂိုး သွင်းယူထားရင်း ဘရာဇီးလ်အသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် နှစ်ပေါင်းများစွာ ရပ်တည်ခဲ့ပေမယ့် နေမာက ပြီးခဲ့တဲ့ ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာပဲ ခရိုအေးရှားအသင်းဘက်ကို တစ်ဂိုးသွင်းယူပြီးနောက် ပီလီရဲ့ စံချိန်နဲ့ တူညီသွားခဲ့ရပါတယ်။ အခုလည်း ကြွက်သားဒဏ်ရာကနေ ပြန်လည် သက်သာလာလို့ နေမာက ဘရာဇီးလ်အတွက် ကစားပေးရင်းနဲ့ (၇၈)ဂိုးနဲ့ (၇၉)ဂိုးတွေကို သွင်းယူရင်း သွင်းယူပြီး ပီလီရဲ့စံချိန်ကို ရိုက်ချိုးနိုင်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Business Upturn

လက်ရှိမှာတော့ နေမာက ဘရာဇီးလ်အတွက် ပြန်ကစားပေးနိုင်ပြီဖြစ်လို့ နိုင်ငံတကာ ရက်သတ္တပတ်အပြီးမှာပဲ သူရဲ့လက်ရှိကလပ် အယ်လ် ဟီလာအသင်းနဲ့ပါ စတင် ပွဲဦးထွက်နိုင်ဖွယ်လည်း ရှိနေပါတယ်။ နေမာက ဒီနွေမှာပဲ ပီအက်စ်ဂျီအသင်းကနေ ဆော်ဒီကလပ် အယ်လ် ဟီလာအသင်းဆီ ပြောင်းရွှေ့ကြေး ယူရို သန်း(၉၀)နဲ့ ပြောင်းရွှေ့ထားခဲ့ပြီး လက်ရှိ ဆော်ဒီလိဂ်ရဲ့ ပြောင်းရွှေ့ကြေး အမြင့်ဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်နေပါတယ်။

Featured Photo : Twitter