ရီးယဲလ် မက်ဒရစ် အသင်းရဲ့ ဝါရင့် နည်းပြကြီး ကားလို့ အန်ဆလော့တီ ဟာ လာမယ့် ၂၀၂၄ခုနှစ်ကနေ စတင်ပြီး ဘရာဇီးလ် လက်ရွေးစင် ဘောလုံးအသင်းရဲ့ နည်းပြချုပ်အဖြစ် တာဝန်ယူ ဆောင်ရွက်သွားတော့မယ့်လို့ ဖာဘရီဇီယို ရိုမာနိုက Breaking News တစ်ပုဒ်အဖြစ် ကြေညာသွားခဲ့ပါတယ်။

Photo Credit : The Real Champs

တကယ်တော့ ဘရာဇီးလ် ဘောလုံးအဖွဲ့ချုပ်ဘက်က ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲကြီး အပြီးမှာကတည်းက အသင်းနည်းပြဟောင်း တီထီနေရာမှာ အီတလီလူမျိုး ဘောလုံးနည်းပြကြီး အန်ဆလော့တီ နဲ့ အစားထိုးချင်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီအချိန်ကတည်းက ဘရာဇီးလ် နဲ့ အန်ဆလော့တီတို့ရဲ့ သတင်းတွေဟာ ပေါ်လာလိုက် ပျောက်သွားလိုက် ဖြစ်နေခဲ့ရပေမယ့် အခု ရိုမာနိုရဲ့ သတင်းဖော်ပြချက်မှာတော့ ဘရာဇီးလ် ဘောလုံးအဖွဲ့ချုပ် CBF ဥက္ကဌကိုယ်တိုင် အန်ဆလော့တီ သတင်းကို အတည်ပြုသွားခဲ့သလို လာမယ့် ၂၀၂၄ ကိုပါအမေရိက ပြိုင်ပွဲကနေ စတင်ပြီး ဘရာဇီးလ်အသင်းကို ကိုင်တွယ်သွားတော့မယ်လို့ ပြောဆိုထားကြောင်း သိရပါတယ်။

Photo Credit : Eurosport

တကယ်တော့ အန်ဆလော့တီ က သူရဲ့ နည်းပြသက်တမ်း တစ်လျှောက်လုံး နိုင်ငံ့လက်ရွေးစင် အသင်းတွေကို တစ်ကြိမ်တစ်ခါမှ ကိုင်တွယ်ဖူးခြင်း မရှိသေးပဲ ကလပ်အသင်းတွေကိုသာ အရေအတွက် အမြောက်အများ ကိုင်တွယ်ခဲ့ဖူးတဲ့ အတွေ့အကြုံရင့် နည်းပြကြီးတစ်ဦး ဖြစ်ပါတယ်။ ဥရောမှာသာမက ကမ္ဘာ့ဘောလုံးလောကမှာပါ လုံးဝ လေးစားရတဲ့ ပရိသတ်အချစ်တော် နည်းပြကြီးဟာ လက်ရှိ သူရဲ့ ကလပ်အသင်း ရီးယဲလ် မက်ဒရစ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ၂၀၂၄မှာပဲ ဘရာဇီးလ် နည်းပြအဖြစ် တာဝန်ယူပြီး လက်ရွေးစင် နည်းပြ အတွေ့အကြုံကို စတင် ရယူသွားတော့မှာပဲ ဖြစ်ပါတယ်။

Photo Credit : Marca

အန်ဆလော့တီ အနေနဲ့ ကလပ်အသင်းပေါင်းများစွာကို ကိုင်တွယ်ခဲ့ချိန်မှာ ဘရာဇီးလ် ကစားသမား အမြောက်အများနဲ့လည်း တွဲဖက် အလုပ်လုပ်ကိုင်ဖူးသလို လက်ရှိ ရီးယဲလ်မှာဆိုရင်လည်း ဗင်နီစီယပ်စ် ရိုဒရီဂို မီလီတာအိုတို့လို ဆမ်ဘာ ကစားသမားတွေကို နည်းပြနေရတာလည်း ဖြစ်ပါတယ်။ ဒီအတွေကအကြုံတွေက ဘရာဇီးလ် နည်းပြသစ် ဖြစ်လာတော့မယ့် အန်ဆလော့တီအတွက် အကျိုးရှိစေမှာဖြစ်ပြီး သူရဲ့ ပထမဆုံး ပွဲဦးထွက် ပြိုင်ပွဲဖြစ်တဲ့ ကိုပါအမေရိကမှာလည်း ဘယ်လောက် အတိုင်းအတာအထိ စွမ်းဆောင်ပြသွားနိုင်မလဲဆိုတာကလည်း တကယ်ကို စိတ်ဝင်စားစရာ ကောင်းနေရပါတယ်။

Featured Photo : Fabrizio Romano