ဘုန်းမောက်အသင်းရဲ့ ဝေးလ် ကွင်းလယ်ကစားသမား ဒေးဗစ် ဘရွတ်စ် ဟာ တကယ့်ကို အရည်အသွေးမြင့် ဘောလုံးသမားတစ်ဦး ဖြစ်ပေမယ့်လည်း ကံဆိုးလှစွာနဲ့ Hodgkin lymphoma လို ခေါ်ဆိုကြတဲ့ Stage 2 အဆင့် ကင်ဆာရောဂါတစ်မျိုးကို ခံစားနေခဲ့ရပြီး ရက်ပေါင်းများစွာ ကုသမှု ခံယူခဲ့ရပါတယ်။

Photo Credit : CNN

၂၀၂၁ခုနှစ် အောက်တိုဘာလကတည်းက သူ့မှာ ဒီလို ကင်ဆာ ဝေဒနာကို ခံစားရနေပြီဖြစ်ကြောင်း အတည်ပြု ထုတ်ပြန်ခဲ့တဲ့ ဘရွတ်စ်ဟာ ကုသမှုတွေကို ရက်ပေါင်းများစွာ ခံယူပြီးခဲ့တဲ့နောက် ၂၀၂၂ခုနှစ် မေလ (၃)ရက်နေ့မှာပဲ ကင်ဆာ ရောဂါလက္ခဏတွေ အလုံးစုံ ပျောက်ကင်းသွားခဲ့ပြီလို ဘရွတ်စ်က သူရဲ့ ဆိုရှယ်မီဒီယာပေါ်ကနေ အသိပေး ထုတ်ပြန်သွားခဲ့ပါတယ်။

Photo Credit : Sky Sports

ဒါပေမယ့် ပြန်လည် ထူထောင်ရေးတွေနဲ့ ဘောလုံးသမားဘဝကို ဆက်လက် ဖြတ်သန်းနိုင်ဖိုအတွက် ပြင်ဆင်မှုတွေ ထပ်မံ လုပ်ဆောင်နေရသေးတာဖြစ်လို ဘရွတ်စ်က ၂၀၂၂-၂၀၂၃ ဘောလုံးရာသီ အစပိုင်းတွေကို ဆက်တိုက် လွဲချော်ခဲ့ရပြီး သူရဲ့ဘုန်းမောက်အသင်းက လီဗာပူးလ်အသင်းကို ဗိုက်တယ်လက်တီကွင်းထဲမှာ အနိုင်ရခဲ့တဲ့ ပွဲစဥ်မှပဲ အသင်းရဲ့ အရန်ကစားသမားစာရင်းမှာ ပထမဆုံးအကြိမ်အဖြစ် ပြန်လည် ပါဝင်လာခဲ့ရပါတယ်။

Photo Credit : Twitter

ရက်ပေါင်း (၅၂၉)ရက်အကြာမှ ဘုန်းမောက်အသင်းနဲ့ ပထမဆုံးအကြိမ်အဖြစ် ပြန်လည် ပူးပေါင်း ပါဝင်ခွင့် ရရှိခဲ့တဲ့ ဘရွတ်စ်ဟာ အရန် ကစားသမားစာရင်းထဲ သူ ပါဝင်လာခဲ့တဲ့နေ့မှာပဲ ဘုန်းမောက်က လီဗာပူးလ်ကို အနိုင်ယူခဲ့လို့ ဒါဟာ ဘရွတ်စ်အတွက်တော့ လာခြင်းကောင်းခဲ့တယ်လို့ ယူဆနိုင်ပါတယ်။ အခုလို ကင်ဆာကို အရှင်းပျောက်အောင် တွန်းလှန်ထားနိုင်ခဲ့တဲ့ ဘရွတ်စ်ဟာ အခုဆိုရင် ဝေးလ်စ်လက်ရွေးစင်အသင်းမှာပါ ပြန်လည် ရွေးချယ်ခံထားရပြီဖြစ်လို့ မကြာခင်မှာပဲ ဘရွတ်စ် ကို မြက်ခင်းစိမ်းတွေပေါ်မှာ ပြန်လည် မြင်တွေ့သွားရတော့မှာပဲ ဖြစ်ပါတယ်။

Featured Photo : Sky Sports