ပြီးခဲ့တဲ့ စနေနေ့တုန်းက ဝက်စ်ဟမ်းကို (၂)ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ မန်ယူအသင်းကတော့ အခု ဘောက်ဆင်ဒေးနေ့မှလည်း ဒီရာသီထဲ အလွန်ကို ခြေစွမ်းပြထားတဲ့ အူနိုင်း အမ်မရီရဲ့ ဗီလာနဲ့ ပွဲကျပ် ရင်ဆိုင်သွားရဦးမယ်။

Photo Credit : Bizna Kenya

မန်ယူက နောက်ဆုံးကစားထားတဲ့ (၄)ပွဲမှာ (၄)ပွဲလုံး နိုင်ပွဲပျောက်ဆုံးထားသလို ဂိုးပေါက်ပါ ပျောက်ခဲ့ရပါသေးတယ်။ အသင်းခံစစ်က ဘိုင်ယန် လီဗာပူးလ်တို့လို အသင်းတွေနဲ့ ရင်ဆိုင်ခဲ့ရမှာ (၁)ဂိုးပဲ ခွင့်ပြုထားရပေမယ့်လည်း ဝက်စ်ဟမ်း နဲ့ ဘုန်းမောက်တို့ ပွဲတွေမှာတော့ (၅)ဂိုးထိတောင် ခွင့်ပြုခဲ့ရပါတယ်။ အခု သူတို့ ရင်ဆိုင်ရမယ့် ဗီလာဆိုတာကလည်း ဆုံတွေ့လိုက်တိုင်းလိုလိုမှာ အမြဲ ဒုက္ခပေးတက်တဲ့ အသင်းဖြစ်လို့ သတိထား ကစားရဖို့ မဖြစ်မနေ လိုအပ်ပါလိမ့်မယ်။

Photo Credit : Manchester World

မန်ယူအတွက် အဆိုးဆုံး ဖြစ်နေရတဲ့ အကြောင်းအရာက အခု ပရီးမီးယားလိဂ် (၁၈)ပွဲ ကစားထားပြီးချိန် သွင်းဂိုးက (၁၈)ဂိုးသာ ရှိထားသေးတာပါပဲ။ ဒီအရေအတွက်က လက်ရှိ ပရီးမီးယားလိဂ်အသင်းတွေအနက် ဒုတိယမြောက် သွင်းဂိုးအနည်းဆုံး ဖြစ်နေရပြီး မန်ယူထက် ဂိုးသွင်းနည်းတာဆိုလို့ ဇယားအောက်က ရှက်ဖီး တစ်သင်းတည်းသာ ရှိနေရပါတယ်။ ပြီးတော့ ဒီရာသီမှာလည်း မန်ယူက အိုးထရက်ဖို့ဒ်ထဲ ပရီးမီးယားလိဂ် ရှုံးပွဲက (၄)ပွဲအထိတောင် ရှိထားတာက ဘယ်လ်ိုမှကို အားမရနိုင်စရာပါ။

Photo Credit : Opta Analyst

ဒါပေမယ့် ဗီလာကလည်း အဝေးကွင်းရလဒ် အရမ်းကောင်းနေတဲ့ အသင်းမဟုတ်ပဲ ဗီလာပါ့ခ်မှာသာ ပိုမို ကြောက်စရာကောင်းတဲ့ အသင်းဖြစ်နေလို့ ဒါဟာ အိမ်ရှင် မန်ယူအတွက် မျှော်လင့်ချင်စရ ဖြစ်လာနိုင်ပါတယ်။ နောက်ပြီး မန်ယူအသင်းက ဘောက်ဆင်ဒေးနေ့တွေမှာ ကစားခဲ့ရတဲ့ ပွဲတွေတိုင်းလိုလိုမှာ ရလဒ်ကောင်းတက်တာကလည်း စောင့်ကြည့်ချင်စရာပါ။ ဒါပေမယ့် ကစားသမားတွေအနေနဲ့ လုပ်အားနှုန်းတွေ ပိုမို အားကောင်းအောင် စွမ်းဆောင်ဖို့ လိုအပ်နေသလို တန်ဟက်ဂ်အနေနဲ့ကလည်း ခေါင်းမာနေတာတွေ သုံးသင့်တဲ့ ကစားသမားတွေကို ချန်လှပ်တာတွေ မလုပ်ပဲ အဆင်ပြေအောင် အသုံးပြုသွားသင့်ပါတယ်။

Featured Photo : The Sun