ပြင်သစ်လီဂူးကလပ် Reims အသင်းကို ကိုင်တွယ်နေတဲ့ သက်လတ်ပိုင်းအရွယ် ဘောလုံးနည်းပြ ဝီလ် စတေးလ် ဟာ ပရော်ဖက်ရှင်နယ် နည်းပြလိုင်စင်တောင် မပိုင်ဆိုင်ဖူးသေးတဲ့ နည်းပြတစ်ဦးဖြစ်ပေမယ့်လည်း လတ်တလော သူရဲ့ စွမ်းဆောင်ချက်တွေကတော့ တကယ့်ကို ကျွတ်ဆင်ကြီးပါပဲ။

Photo Credit : Khel Now

ကမ္ဘာကျော် ရုပ်ရှင် မင်းသားကြီး ဝီလ်စမစ် မဟုတ်တဲ့ ဘောလုံးနည်းပြ ဝီလ်စတေးလ်ဟာ အသက်(၃၀)အရွယ်သာ ရှိနေသေးတဲ့ လူငယ် နည်းပြတစ်ဦးဖြစ်ပြီးတော့ လက်ရှိ ဥရောပထိပ်တန်းလိဂ် (၅)ခုထဲမှာလည်း အသက်အငယ်ဆုံး နည်းပြတစ်ယောက်လည်း ဖြစ်နေပါတယ်။ အသက်ငယ်ပြီး နည်းပြ အတွေ့အကြုံ နှနယ်သေးပေမယ့် စတေးလ်ရဲ့ နည်းပြစွမ်းရည်ကို လျှော့တွက်လို့ မရပဲ သူက ကလပ်အသင်း တစ်သင်းရဲ့ ကစားသမားတွေရဲ့ ခြေစွမ်းပိုင်း သုံးသပ်လေ့လာသူအဖြစ် တာဝန်ယူခဲ့ဖူးသလို ဘောလုံး ဝါသနာအိုး ဂိမ်းဝါသနာအိုးတွေ အကြိုက်ဖြစ်တဲ့ ဘောလုံးမန်နေဂျာဂိမ်းတွေကနေပါ ဘောလုံးနည်းပြအလုပ်ကို သင်ယူခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit : Twitter

ဘယ်လ်ဂျီယံနွယ်ဖွား နည်းပြ စတေးလ် ဟာ Reims အသင်းနဲ့ လော်ရီးယန့်အသင်းတို့ ယှဉ်ပြိုင်ခဲ့တဲ့ လီဂူးပွဲစဉ်ကနေ စတင်ပြီး Reims နည်းပြအဖြစ် တာဝန်ယူခဲ့ရင်းကနေ လီဂူးပွဲစဉ် စုစုပေါင်း (၁၇)ပွဲဆက်တိုက်အထိ ရှုံးပွဲမရှိအောင် စွမ်းဆောင်ထားခဲ့ပါတယ်။ အဲ့ဒီ(၁၇)ပွဲအတွင်းမှာ သရေပွဲက (၈)ပွဲအထိ ရှိခဲ့ပြီး နိုင်ပွဲက (၉)ပွဲအထိ ရှိခဲ့ရကာ ပီအက်စ်ဂျီလို အသင်းမျိုးကိုပါ အဝေးကွင်းမှာ တစ်ဂိုးစီ သရေရအောင် ကစားနိုင်ခဲ့ပါတယ်။

Photo Credit : beIN SPORTS

ပရော်ဖယ်ရှင် နည်းပြ လိုင်စင်တောင် မရရှိသေးတဲ့ နည်းပြ စတေးလ် ဟာ အခုဆိုရင်တော့ Reims အသင်းအတွက် အကောင်းဆုံးပုံစံ ရရှိအောင် ကိုင်တွယ်ထားနိုင်ခဲ့ပြီး အသင်းကိုလည်း အမှတ်ပေးဇယားရဲ့ အဆင့်(၈)နေရာမှာ ရပ်တည်နေနိုင်အောင် ပို့ဆောင်ထားပါတယ်။ Reims အသင်းရဲ့ ရပ်တည်မှု အနေအထားအရ ယူရိုပါလိဂ်နဲ့ ကွန်းဖရန့်စ်လိဂ် အစရှိတဲ့ ဥရောပဝင်ခွင့်တွေအထိ မျှော်မှန်းလို့ရနိုင်နေတာဖြစ်လို့ စတေးလ်အနေနဲ့ သူရဲ့ Reims အသင်းကို ဘယ်လို နေရာလောက်အထိ ဆက်လက် ပို့ဆောင်သွားနိုင်ဦးမလဲဆိုတာ စောင့်ကြည့်ရပါမယ်။

Featured Photo : Football Talk’s Twitter