ကစားသမားဘဝအတွင်း ကလပ်အသင်းပေါင်း (၁၅)သင်းလောက်အထိ ပါဝင်ကစားခဲ့ဖူးသူ ဘောလုံးသမားတစ်ဦးဖြစ်တဲ့ ဂါနာ ကွင်းလယ် နဲ့ တိုက်စစ် ကစားသမား ကယ်ဗင် ပရင့်စ် ဘိုတန်ဟာ သြဂုတ် (၁၁)ရက်နေ့မှာပဲ သူရဲ့ ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝ ကို တရားဝင် အဆုံးသတ်လိုက်ပြီ ဖြစ်ပါတယ်။

Photo Credit : Planet Football

လက်ရှိမှာ အသက် (၃၆)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ပရင့်စ် ဘိုတန်ဟာ ဂျာမနီမှာ မွေးဖွားခဲ့သူဖြစ်ပြီး မန်စီးတီး နဲ့ ဘိုင်ယန် ကစားသမားဟောင်း ဂျရုန်း ဘိုတန်နဲ့ ညီအစ်ကိုတွေဖြစ်ပြီး ဂျရုန်းကတော့ ဂျာမနီ လက်ရွေးစင်အသင်းကိုသာ ရွေးချယ်ခဲ့ပေမယ့် ပရင့်စ်ကတော့ ဂါနာကိုသာ ရွေးချယ်ခဲ့ပါတယ်။ ပရင့်စ် ဘိုတန်က သူရဲ့ စီနီယာ ကစားသမားဘဝကို ဂျာမန်ကလပ် ဟာသာဘာလင်မှာ စတင်ခဲ့ပြီး (၂)ရာသီ ကစားပြီးချိန်မှာပဲ စပါးအသင်းဆီ ရောက်ရှိခဲ့ပါတယ်။ စပါးက ဘိုတန်ကို (၄)နှစ်စာချုပ်ဆိုခဲ့ပေမယ့် သူရဲ့ ခြေစွမ်းတွေကို သိပ်သဘောမကျလို့ ဒေါ့မွန်ဆီ အငှားချခဲ့သလို ပို့စ်မောက်ဆီကိုလည်း အပြီးသတ် ရောင်းချခဲ့ပါသေးတယ်။

Photo Credit : Sky Sports

တကယ်တော့ ဘိုတန်ဟာ ကွင်းလယ် နေရာစုံ တိုက်စစ် နေရာစုံမှာ လိုက်ပါ ကစားနိုင်သူဖြစ်ပြီး လုပ်အားနှုန်း ကောင်းလှတဲ့ ကစားသမားတစ်ဦး ဖြစ်ပေမယ့်လည်း ကွင်းအတွင်း ကွင်းအပြင် အငြင်းပွားစရာတွေ ရှိတတ်သူဖြစ်ပြီး သူရဲ့ ကစားသမားဘဝအတွင်းမှာ ကလပ်အသင်း အပြောင်းအလဲတွေကိုလည်း မကြာခဏ လုပ်ဆောင်ခဲ့ရပါတယ်။ ဘိုတန်ရဲ့ ကစားသမားဘဝမှာ ပွဲအများဆုံး ကစားပေးနိုင်ခဲ့တဲ့ အသင်းကတော့ အေစီမီလန်ပါ။ မီလန်အတွက် စုစုပေါင်း ပွဲ(၁၀၀)အထိတောင် ကစားနိုင်ခဲ့တဲ့ ဘိုတန်က ဘာစီလိုနာအသင်းမှာပင် အငှားနဲ့ ကစားဖြစ်ခဲ့ပါသေးတယ်။

Photo Credit : Marca

ဂါနာ လက်ရွေးစင်အသင်းအတွက် ကမ္ဘာ့ဖလားပြိုင်ပွဲကို (၂)ကြိမ်ဆက်တိုက်အထိ ဆင်နွဲခဲ့ဖူးတဲ့ ဘိုတန်ဟာ ၂၀၁၄ ကမ္ဘာ့ဖလားမှာတော့ စည်းကမ်းပိုင်းဆိုင်ရာ မလိုက်နာမှုတွေကြောင့် ဂါနာ လူစာရင်းကနေ ထုတ်ပယ်ခဲ့ပါသေးတယ်။ ဘိုတန်ဟာ ကစားသမားဘဝအတွင်း လက်ရွေးစင်အသင်းအတွက် (၁၅)ပွဲလေးသာ ကစားခွင့် ရရှိခဲ့ပြီး ကလပ် ကစားသမားဘဝမှာတော့ ကလပ်အသင်း (၁၄)သင်းအတွက် ပွဲပေါင်ူ (၄၉၂)ပွဲ ကစား ဂိုး (၇၀) သွင်းယူခဲ့သလို ဘာစီလိုနာ မီလန်တို့နဲ့လည်း ဆုဖလားတွေ ဆွတ်ခူးခဲ့ရပါသေးတယ်။

Featured Photo : FC Barcelona