ကမ္ဘာ့ ဘောလုံးပြိုင်ပွဲတွေထဲမှာ ကမ္ဘာ့ဖလား ဖိုင်နယ်ပွဲ ၊ ချန်ပီယံလိဂ် ဖိုင်နယ်ပွဲ ဒီလို အထင်ကရ ပွဲစဉ်တွေ အားလုံးထက် ဆုကြေး မြင့်မားလှတဲ့ ဖိုင်နယ် ပွဲစဉ်ကြီးတစ်ခု ရှိနေပါတယ်။ ဒါကတော့ ပရီးမီးယားလိဂ် တန်းတက်ခွင့် နောက်ဆုံး တစ်နေရာစာဖြစ်တဲ့ ချန်ပီယံရှစ် ပလေးအော့ ဖိုင်နယ်ပွဲစဉ်ကြီးပါပဲ။

Photo Credit : Goal

ကမ္ဘာပေါ်က အထင်ကရ အဖြစ်ဆုံးသော ဘောလုံးပြိုင်ပွဲတွေထက် ဆုကြေး ပမာဏ မြင့်မားလွန်းလှတဲ့ ချန်ပီယံရှစ် ပလေးအော့ ဖိုင်နယ်ပွဲမှာ ဗိုလ်စွဲမယ့် အသင်း ဒါမှမဟုတ် ပရီးမီးယားလိဂ်ဆီ တန်းတတ်ခွင့် ticket ရရှိသွားမယ့် အသင်းဟာ အနည်းဆုံး စတာလင်ပေါင် သန်း (၁၇၀)အထိ ရရှိပါမယ်။ ဒါပေမယ့် ဒီ သန်း (၁၇၀)ကို ဘောလုံးရာသီ (၃)ရာသီ အညီအမျှ ခွဲဝေရရှိသွားမှာဖြစ်ပြီး တကယ်လို့များ ပလေးအော့ ဖိုင်နယ်မှာ ဗိုလ်စွဲတဲ့ အသင်းက အသင်းရဲ့ ပရီးမီးယားလိဂ် ပွဲဦးထွက် ရာသီအတွင်း တန်းမဆင်းရအောင်သာ ကစားနိုင်ခဲ့မယ်ဆိုရင်တော့ ဆုကြေး စုစုပေါင်းက သန်း (၂၉၀)လောက်အထိပါ တိုးမြှင့်သွားမှာပဲ ဖြစ်ပါတယ်။

Photo Credit : talkSPORT

ပလေးအော့ ဖိုင်နယ်မှာ အနိုင်ရတဲ့ အသင်းက ဆုကြေးအဖြစ် ပထမဆုံး ပေါင် သန်း (၈၀)လောက် စတင် ရရှိမှာဖြစ်ပြီး ပရီးမီးယားလိဂ် ပြိုင်ပွဲကြီးဆီကိုပါ တက်လှမ်းနိုင်ခွင့်လည်း ရရှိပါမယ်။ ဖိုင်နယ်မှာ ရှုံးတဲ့အသင်းကတော့ ချန်ပီယံရှစ်မှာသာ ဆက်လက် ကျန်နေခဲ့မှာ ဖြစ်ပေမယ့်လည်း ဒီလို ဖိုင်နယ်အဆင့်ထိ တက်လှမ်းနိုင်ခဲ့တာကို ဂုဏ်ပြုတဲ့အနေနဲ့ ပြိုင်ပွဲ ကျင်းပရာ ဝင်ဘာလေကွင်းထဲ လာရောက် အားပေး ကြည့်ရှုကြတဲ့ ပွဲကြည့် ပရိသတ်တွေရဲ့ လက်မှတ်ဝင်ကြေးတွေအားလုံးကို ဆုအဖြစ်နဲ့ ပြန်လည် ချီးမြှင့်ပေးပါတယ်။

Photo Credit : Sky Sports

ဒီနှစ်ရာသီရဲ့ ပလေးအော့ ဖိုင်နယ်ပွဲဆီကို လူတန်တောင်း နဲ့ ကိုဗင်ထရီဆိုသော ဘောလုံးပရိသတ်တွေနဲ့ အနည်းငယ် စိမ်းနေတဲ့ အသင်းနှစ်သင်း တက်လှမ်းခဲ့ပါတယ်။ ဒီနှစ်သင်းက ပရီးမီးယားလိဂ် အသင်းဟောင်းတွေဖြစ်တဲ့ ဆန်းဒါးလန်း နဲ့ မစ်ဒယ်ဘရော့တို့ကို ကျော်ဖြတ်လာခဲ့တာပါ။ လူတန်ဆိုရင် ပရီးမီးယားလိဂ်မှာ တစ်ခါမှ မကျင်လည်ခဲ့ဖူးသလို ကိုဗင်ထရီဟာလည်း ပရီးမီးယားလိဂ်မှာ ပါဝင်ဖြစ်ခဲ့ဖူးတာ နှစ်အတော်ကြာခဲ့ပါပြီ။ ဒါကြောင့် ဒီနှစ်သင်းထဲကမှ ဘယ်အသင်းက ဆုကြေးတွေ တပွေ့တပိုက်နဲ့ ပရီးမီးယားလိဂ်ဆီ တက်လှမ်းသွားနိုင်မလဲဆိုတာ ရင်ခုန်စရာပါ။

Featured Photo : The Sun