ဥရုဂွေး ဝါရင့် တိုက်စစ်မှူးကြီး လူးဝစ် ဆွာရက်ဇ်ဟာ အခုဆိုရင် သူရဲ့လက်ရှိကလပ် ဂရီမီယိုအသင်းအတွက် နောက်ဆုံးပွဲစဉ်ကို ပါဝင် ကစားပြီးသွားခဲ့ပြီဖြစ်လို့ သူနဲ့ ညီအစ်ကိုလို ခင်မင်ရတဲ့ ဘော်ဒါကြီး လီယွန်နယ် မက်ဆီ ရှိရာ မေဂျာလိဂ်ကလပ် အင်တာ မိုင်ယာမီအသင်းဆီကို ပြောင်းရွှေ့ဖို့အတွက် ပြင်ဆင်သွားတော့မှာပဲ ဖြစ်ပါတယ်။

Photo Credit : The US Sun

အေဂျက်စ် လီဗာပူးလ် ဘာစီလိုနာ နဲ့ အသက်လက်တီကိုတို့လို ဥရောပ ထိပ်သီး ကလပ်အသင်းတွေမှာ ကစားသမားဘဝကို ဖြတ်သန်းခဲ့ဖူးတဲ့ (၃၆)နှစ်အရွယ် တိုက်စစ်မှူးကြီး ဆွာရက်ဇ်ဟာ အသက်လက်တီကိုနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားချိန်မှာပဲ သူရဲ့ boyhood club ဖြစ်တဲ့ နေစီယွန်စီအသင်းဆီ ပြန်သွားခဲ့ပါတယ်။ ဒါပေမယ့် နေစီယွန်နယ်မှာလည်း တစ်ရာသီသာ ကစားခဲ့တဲ့ ဆွာရက်ဇ်ဟာ ၂၀၂၃မှာ ဘရာဇီးလ်ကလပ် ဂရီမီယိုအသင်းဆီ ထပ်မံ ပြောင်းရွှေ့ဖြစ်ခဲ့ပါတယ်။

Photo Credit : Sports Illustrated

ဆွာရက်ဇ်က ဂရီမီယိုအသင်းအတွက် တစ်ရာသီအတွင်း ပြိုင်ပွဲစုံ (၅၃)ပွဲအထိ ကစားခဲ့ရင်းနဲ့ သွင်းဂိုး (၂၇)ဂိုး သွင်းယူနိုင်ခဲ့ပြီး သူရဲ့ ဂရီမီယို ကစားသမားဘဝ နောက်ဆုံးပွဲစဉ်မှာလည်း အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူခဲ့ပါသေးတယ်။ ဒီဂိုးက ဆွာရက်ဇ်အတွက် စီနီယာ ကစားသမားဘဝအတွင်း သွင်းဂိုး စုစုပေါင်း (၅၅၅)ဂိုးမြောက်ပါ ဖြစ်လာခဲ့ရပါတယ်။ ဒါဟာ ဆွာရက်ဇ်အတွက်တော့ အမှတ်တရ သွင်းဂိုး ဖြစ်လာခဲ့ရပြီး ဂရီမီယိုအသင်း ပရိသတ်တွေအတွက်လည်း နှုတ်ဆက်ဂိုးပါ ဖြစ်သွားခဲ့ရပါတယ်။

Photo Credit : AS USA

အခုတော့ ဂရီမီယိုနဲ့ လမ်းခွဲလိုက်ရပြီဖြစ်တဲ့ ဆွာရက်ဇ်ဟာ သူနဲ့ ဘာစီလိုနာမှာ တွဲဖက်မိမိ အသင်းဖော်တွေ ဖြစ်ခဲ့ကြတဲ့ မက်ဆီနဲ့ ပြန်လည် ပူးပေါင်းရပါတော့မယ်။ မက်ဆီ အယ်လ်ဘာ ဘူးစကွက်စ်တို့လို ဥရောပ ထိပ်တန်း ကစားသမားကြီးတွေကို ခေါ်ယူအားဖြည့်ထားတဲ့ အင်တာ မိုင်ယာမီအသင်းဟာ အခုလည်း နောက်ထပ် ဘာစီလိုနာ ကစားသမားဟောင်းကြီးဖြစ်တဲ့ ဆွာရက်ဇ်ကိုပါ ထပ်မံ အားဖြည့်ထားပြီဖြစ်လို့ လာမယ့် ၂၀၂၄ ဘောလုံးရာသီထဲ မက်ဆီ ဆွာရက်ဇ်တို့ရဲ့ တိုက်စစ်အတွဲအဖက်ကို စိတ်ဝင်တစားနဲ့ စောင့်ကြည့်သွားရပါတော့မယ်။

Source : Fabrizio Romano

Featured Photo : FC Barcelona Noticias