တချိန်တုန်းက ဘာစီလိုနာအသင်းမှာ တွဲဖက် ကစားခဲ့ဖူးကြတဲ့ GOAT ကြီး လီယွန်နယ် မက်ဆီ နဲ့ ကမ္ဘာ့ အကောင်းဆုံး DM ကစားသမားကြီး ဆာဂျီယို ဘူးစကွက် တို့ဟာ အခုဆိုရင်တော့ မေဂျာလိဂ်ကလပ် အင်တာ မိုင်ယာမီအသင်းမှာ ပြန်လည် ဆုံစည်းခွင့် ရရှိသွားတော့မှာပဲ ဖြစ်ပါတယ်။

Photo Credit : Clutch Points

မက်ဆီ လိုပဲ ဘာစီလိုနာအသင်းမှာ လူငယ် အကယ်ဒမီကနေ တစ်ဆင့် စီနီယာ အသင်းကြီးထိ နှစ်ပေါင်းများစွာ ပါဝင်ကစားဖြစ်ခဲ့ စပိန် ဝါရင့် ကွင်းလယ် ကစားသမားကြီး ဘူးစကွက်က ဘာစီလိုနာနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားချိန်မှာ သက်တမ်း ထပ်မတိုးတော့ပဲ အသင်းနဲ့ လမ်းခွဲဖို့ကိုသာ ဆုံးဖြတ်လိုက်ပါတယ်။ အရှေ့က နောင်တော်ကြီးတွေဖြစ်တဲ့ ဇာဗီ အင်နီယေစတာတို့ရဲ့ လမ်းစဉ်အတိုင်း ဘာစီလိုနာမှာ legend တစ်ဦးအဖြစ် ရပ်တည်ခဲ့ရင်းနဲ့ ကစားသမားဘဝ နောက်ဆုံးမှာ အသင်းပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အခုတော့ ဘူးစကွက် ဟာ မိုင်ယာမီကို ရောက်ရှိလာပြီပဲ ဖြစ်ပါတယ်။

Photo Credit : Fabrizio Romano

ဒီနွေမှာ free agent ဖြစ်လာခဲ့ရတဲ့ ဘူးစကွက်ကို ခေါ်ယူဖို့အတွက် ဆော်ဒီကလပ်အသင်းတွေက စတင် ကြိုးပမ်းခဲ့တာ ဖြစ်ပေမယ့်လည်း ကမ္ဘာ့ ဘောလုံးလောကရဲ့ GOAT ကြီး တစ်ဦးဖြစ်သူ မက်ဆီကို အရ ခေါ်ယူထားနိုင်တဲ့ အင်တာ မိုင်ယာမီက မက်ဆီ ရဲ့ ဘာစီလိုနာ အသင်းဖော်ဟောင်း အယ်လ်ဘာ ဘူးစကွက် တို့ကို ခေါ်ယူပေးဖို့ ကတိပေးထားတာကြောင့် အခုဆိုရင် ဘူးစကွက်ဟာ မက်ဆီနဲ့ ပြန်လည် ပူးပေါင်းရတော့မှာ ဖြစ်ပါတယ်။

Photo Credit : The Mirror

ကမ္ဘာကျော် ဘောလုံးသမားကြီး ဒေးဗစ်ဘက်ခ်ဟမ်း ပိုင်ဆိုင်ထားတဲ့ အင်တာ မိုင်ယာမီအသင်းဟာ လီယွန်နယ် မက်ဆီလို ဘောလုံးလောကရဲ့ အထင်ကရ ကစားသမားကြီးတစ်ဦးကို ခေါ်ယူထားနိုင်ခဲ့တဲ့အပြင် လက်ရှိမှာလည်း မက်ဆီ ရဲ့ အသင်းဖော်ဟောင်းတွေဖြစ်တဲ့ ဘူးစကွက် အယ်လ်ဘာတို့ပါ ထပ်မံ ခေါ်ယူ အားဖြည့်နိုင်တော့မှာဖြစ်လို့ မိုင်ယာမီကို ဘောလုံး ပရိသတ်များစွာ အာရုံစိုက်လာဖို့ ရှိနေပြီး ဒီကစားသမားတွေနဲ့အတူ မိုင်ယာမီတို့ ဘယ်လို အောင်မြင်မှုတွေ ရယူသွားမလဲဆိုတာလည်း ရင်ခုန်စရာ အရမ်းကောင်းနေရပါတယ်။

Featured Photo : Mediotiempo