လီယွန်နယ် မက်ဆီ ရဲ့ အင်တာ မိုင်ယာမီ ကစားသမားဘဝ ပထမဆုံးသော ပွဲဦးထွက်ကို လာရောက် ဝန်းရံကြတဲ့ နာမည်ကျော် ကြယ်ပွင့်တွေ တော်တော်လေးကို များပြားပါတယ်။ မက်ဆီကလည်း ဒီလို လာရောက် အားပေးသူတွေ သူ့ကို စောင့်ကြည့်နေကြတဲ့ ပရိသတ်တွေအတွက် မက်ဆီဆိုတာ ဘယ်လို ကစားသမားမျိုးလဲဆိုတာကို နောက်ဆုံးမိနစ် ဖရီးကစ် သွင်းဂိုးနဲ့ ထပ်မံ သက်သေပြသွားခဲ့ပြန်ပါတယ်။

Photo Credit : Twitter

မက်ဆီ လို GOAT ကြီးတစ်ဦးကို အရ ခေါ်ယူလိုက်နိုင်တဲ့ မေဂျာလိဂ် ကလပ် အင်တာ မိုင်ယာမီအသင်းကလည်း မက်ဆီကို မခေါ်ယူနိုင်ခင် ဒါမှမဟုတ် မက်ဆီကို ခေါ်ယူပြီး အသင်းအတွက် ထည့်သုံးလို့ မရသေးခင်က နိုင်ပွဲတွေ ပျောက်ဆုံးနေခဲ့တာ (၆)ပွဲအထိတောင် ရှိနေခဲ့ပါပြီ။ အခု Cruz Azul အသင်းနဲ့ Leagues Cup ပွဲမှာတောင် မက်ဆီကို ပွဲချိန်ပြည့် အသုံးပြုခဲ့တာ မဟုတ်ပဲ မက်ဆီရော ဘူးစကွက်ကိုပါ ဒုတိယပိုင်း ပွဲချိန် (၅၄)မိနစ်မှသာ တပြိုင်နက်တည်း စတင် အသုံးပြုသွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Twitter

မက်ဆီက မိုင်ယာမီအသင်းအတွက် ကစားခွင့် ရချိန်မှာပဲ အသင်းဖော်တွေအတွက် ထိရောက်တဲ့ ဘောလုံးပေးပို့မှုတွေ အခွင့်အရေး ဖန်တီးပေးမှုတွေ လုပ်ဆောင်ခဲ့သလို မာတီနက်ဇ်အတွက် ဂိုးဖန်တီးပေးခဲ့ရာမှာလည်း လူကျွံနေလို့သာ ဂိုးအဖြစ် မသတ်မှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ မက်ဆီ ပါဝင်ကစားပြီး သိပ်မကြာခင်မှာပဲ Cruz Azul အသင်းကို ချေပဂိုး ခွင့်ပြုလိုက်ရပြီး တစ်ဖက် တစ်ဂိုးစီ ဖြစ်သွားခဲ့ရပေမယ့် နာကျင်အချိန်ပိုမှာ မိုင်ယာမီအသင်း မက်ဆီကြောင့် ဖရီးကစ် ကန်ခွင့် ရရှိသွားရာ ဒီအခွင့်အရေးကို မက်ဆီကပဲ အကောင်းဆုံး အသုံးချရင်း သူရဲ့ ဗွေဆော်ဦးဂိုး မိုင်ယာမီအတွက် အနိုင်ဂိုးတို့ကို သွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit : Twitter

မက်ဆီကြောင့် မိုင်ယာမီအသင်းဟာ (၆)ပွဲဆက်တိုက် နိုင်ပွဲ ပျောက်ဆုံးနေမှုကို အဆုံးသတ်နိုင်ခဲ့သလို မက်ဆီ ဟာလည်း သူရဲ့ ပထမဦးဆုံး မြောက်အမေရိက ခရီးစဉ်မှာ တာထွက် အလွန် လှပသွားခဲ့ရပါတယ်။ မက်ဆီလိုပဲ ဘူးစကွက်လည်း အသင်းရဲ့ ကွင်းလယ်မှာ တည်တည်ငြိမ်ငြိမ်နဲ့ ကစားပြသွားနိုင်ခဲ့သလို မကြာခင်မှာ အယ်လ်ဘာ အင်နီယေစတာတို့ပါ ထပ်ရောက်လာတော့မှာမို့ ဘာစီလိုနာ legends အစုအဖွဲ့နဲ့ မိုင်ယာမီအသင်းရဲ့ အနေအထားတွေက ပိုပြီး စိတ်ဝင်စားစရာ ဖြစ်လာပါတော့မယ်။

Featured Photo : Twitter