ဘာစီလိုနာ အသင်းဥက္ကဌဖြစ်သူ ယိုအန် လာပေါ်တာ က လာမယ့် အပြောင်းအရွှေ့ ဈေးကွက်အတွင်း သူတို့ရဲ့ icon player ဟောင်းကြီး လီယွန်နယ် မက်ဆီ ကို ပြန်လည် ခေါ်ယူနိုင်ဖို့အတွက် သူတို့ဘက်ကနေ ဘာမဆို လုပ်ဆောင်သွားလိမ့်မယ်လို့ အတည်ပြု ပြောကြားသွားခဲ့ပါတယ်။

Photo Credit : Barca Blaguranes

GOAT ကြီး မက်ဆီက ဘာစီလိုနာအသင်းမှာ သူရဲ့ ကစားသမားဘဝကို စတင်ခဲ့တာဖြစ်ပြီး အသင်းနဲ့လည်း ဆုဖလားပေါင်းများစွာ ရယူပေးခဲ့သလို သူ ကိုယ်တိုင်လည်း တစ်ဦးချင်း ဆုပေါင်းများစွာကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ ဘာစီလိုနာမှာ ဘောလုံးရာသီ (၁၇)ရာသီအထိ ဖြတ်သန်းခဲ့တဲ့ မက်ဆီ ဟာ အသင်းရဲ့ ဘဏ္ဍာရေး အခြေအနေတွေကြောင့် စာချုပ်သက်တမ်း တိုးမြှင့်ဖို့ မဖြစ်တော့တဲ့အတွက် ၂၀၂၁ခုနှစ်မှာ ပီအက်စ်ဂျီအသင်းဆီ free transfer နဲ့ ပြောင်းရွှေ့သွားခဲ့ပါတယ်။

Photo Credit : La Razon

မက်ဆီက ပီအက်စ်ဂျီနဲ့ (၂)နှစ်+အပို(၁)နှစ် စာချုပ်ဆိုချုပ်ခဲ့ပြီး ဘာစီလိုနာ ပြင်ပ နယ်မြေသစ် နေရာမှာ အခြေတကျဖြစ်ဖို့ ကြိုးပမ်းခဲ့ရကာ မက်ဆီရဲ့ လီဂူး ကစားသမားဘဝ အစပိုင်းကတော့ ခက်ခဲမှုတွေ ရှိခဲ့ရပါတယ်။ ပီအက်စ်ဂျီနဲ့ ဒုတိယရာသီမှာတော့ မက်ဆီက အသင်းအတွက် စွမ်းဆောင်ရည်ကောင်းတွေ ပိုမို ပြသလာနိုင်ပေမယ့် ကမ္ဘာ့ဖလားမှာ ပြင်သစ်ကို အနိုင်ယူပြီး ကမ္ဘာ့ချန်ပီယံ ဆွတ်ခူးသွားခဲ့ပြီး နောက်ပိုင်း ပီအက်စ်ဂျီ ပရိသတ်အများစုက အသင်း ရလဒ်ပိုင်း မတည်ငြိမ်တာနဲ့ မက်ဆီ ကိုသာ လက်ညိုးထိုးလာကြပါတယ်။

Photo Credit : Cluch Points

ဒီလို အခြေအနေမျိုးမှာ မက်ဆီ ကိုယ်တိုင် ပီအက်စ်ဂျီအသင်းနဲ့ ဆက်လက် လက်မတွဲချင်တော့သလို ဇွန်လမှာ ကုန်ဆုံးတော့မယ့် သူရဲ့စာချုပ်ကိုပါ တိုးမြှင့်ဖွယ် မရှိတော့တာကြောင့် ဒီအခြေအနေကို အခွင့်ကောင်းယူဖို့ ဘာစီလိုနာဘက်က အစွမ်းကုန် ကြိုးပမ်းလာခဲ့ပါတယ်။ အခုလည်း ဘာစီလိုနာ ဥက္ကဌ လာပေါ်တာ ကပါ သူတို့အနေနဲ့ မက်ဆီကို ဘာစီလိုနာအသင်းဆီ ပြန်လည် ခေါ်ဆောင်နိုင်ဖို့အတွက် သူတို့ဘက်ကနေ တတ်နိုင်သမျှ အရာတွေရော တခြား ဘာမဆိုပါ လုပ်ဆောင်သွားမယ်လို့ ထုတ်ဖော် ပြောကြားလာခဲ့ပါတယ်။ ဒါကြောင့် သေချာတာက ဘာစီလိုနာအနေနဲ့ လာမယ့် ဈေးကွက်ထဲ ကစားသမား အများအပြားကို ရှင်းထုတ်သွားဖွယ် ရှိလာနိုင်ပါတယ်။

Featured Photo : SportsTiger