အင်တာ မိုင်ယာမီ အသင်းရဲ့ အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီ က အသင်းအတွက် တောက်လျှောက် ခြေစွမ်းပြ ဂိုးတွေ သွင်းယူနေတာကြောင့် မိုင်ယာမီအသင်းပါ လိဂ်ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲဖို့အထိ ရေပန်းစားလာခဲ့ရပါတယ်။

Photo Credit : Major League Soccer

မက်ဆီက မိုင်ယာမီ အသင်းနဲ့ စတင် ပွဲထွက်ရချိန်မှာ မေဂျာလိဂ် အမှတ်ပေးပွဲကို မကစားရသေးပဲ အမေရိကန် နဲ့ မက္ကဆီကို ကလပ်အသင်းတွေ ယှဉ်ပြိုင်ကြတဲ့ လိဂ်ဖလား ရှုံးထွက်ပြိုင်ပွဲကိုသာ ဆင်နွဲခဲ့ရပါတယ်။ မက်ဆီ က ခရုဇ် အဇူလ်အသင်းနဲ့ ပွဲစဉ်မှာပဲ မိုင်ယာမီအသင်းအတွက် ပွဲဦးထွက် ကစားခွင့် ရခဲ့ပြီး အဲ့ဒီပွဲမှာပဲ နာကျင်အချိန်ပိုအတွင်း ဖရီးကစ်ကနေ အနိုင်ဂိုးကို တိုက်ရိုက် ကန်သွင်းယူပြီး မိုင်ယာမီကို နောက်တစ်ဆင့် တက်လှမ်းစေခဲ့ပါတယ်။

Photo Credit : CNN

နောက်တစ်ဆင့်မှာလည်း မက်ဆီက အင်တာ မိုင်ယာမီအတွက် ပထမဆုံးအကြိမ် ပွဲထွက် ကစားသမားအဖြစ် ပါဝင်ခဲ့ရင်း သွင်းဂိုး (၂)ဂိုး နဲ့ ဂိုးဖန်တီးမှု (၁)ကြိမ် စွမ်းဆောင်ခဲ့ပြန်ပါတယ်။ မက်ဆီ ကြောင့် လိဂ်ဖလား (၃၂)သင်းအဆင့်ထိ ရောက်ရှိသွားတဲ့ မိုင်ယာမီအသင်းက အော်လန်ဒို စီးတီးအသင်းနဲ့ ရင်ဆိုင်ရရင်း အဲ့ဒီပွဲမှာလည်း မက်ဆီကပဲ သွင်းဂိုး (၂)ဂိုး ထပ်မံ သွင်းယူခဲ့ပြန်ပါတယ်။ တကယ်လို့ မာတီနက်ဇ်ကြောင့် ရခဲ့တဲ့ ပင်နယ်တီကိုသာ မက်ဆီ အဆုံးသတ်ခွင့် ရမယ်ဆိုရင် မက်ဆီအနေနဲ့ မိုင်ယာမီ ကစားသမားဘဝ ပထမဆုံး ဟက်ထရစ်တောင် ရသွားနိုင်ပါသေးတယ်။

Photo Credit : CNN

လက်ရှိမှာတော့ မက်ဆီက မိုင်ယာမီအတွက် (၃)ပွဲကစား (၅)ဂိုးသွင်းယူပြီး အတော်လေးကို ခြေစွမ်းပြသထားနိုင်ခဲ့ပါတယ်။ အခုဆိုရင် မက်ဆီဟာ ကလပ်အသင်း ကစားသမားဘဝအတွင်းမှာ စုစုပေါင်း သွင်းဂိုး အရေအတွက်က (၇၀၉)ဂိုးအထိ ရှိလာခဲ့ပြီး အာဂျင်တီးနားအတွက် သွင်းယူထားတဲ့ ဂိုးတွေနဲ့ ပေါင်းလိုက်မယ်ဆိုရင် (၈၁၂)ဂိုးအထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

အခုလို မက်ဆီ ရဲ့ စွမ်းဆောင်မှုတွေကြောင့် အင်တာ မိုင်ယာမီ အသင်းက လိဂ်ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲဖို့အတွက် ထိပ်ဆုံး နေရာကနေ ရေပန်းစားလျက် ရှိနေပြီး မိုင်ယာမီနောက်မှာတော့ ကလပ် အမေရိကအသင်း ၊ စင်စင်နတီအသင်း ၊ LAFC အသင်းနဲ့ တီဂရက်စ်အသင်းတို့က အစဉ်လိုက် ရပ်တည်လျက် ရှိနေပါတယ်။

Featured Photo : 90Min