ရီးယဲလ် မက်ဒရစ် အသင်းရဲ့ စပိန် ကစားသမား မာကို အဆန်စီယို ကတော့ သူ့ကို အက်စတွန် ဗီလာ အသင်းက ကမ်းလှမ်းမှု ပြုလုပ်ထားခဲ့ပေမယ့် ပီအက်စ်ဂျီရဲ့ ထပ်တိုး ကမ်းလှမ်းမှုကိုသာ သဘောကျခဲ့တဲ့အတွက် ပီအက်စ်ဂျီအသင်းဆီ ပြောင်းရွှေ့ဖို့ကိုသာ ရွေးချယ်ခဲ့တယ်လို့ နာမည်ကျော် ဘောလုံးသတင်းထောက် ဒေးဗစ်အော်စတိန်းက ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Sempre Milan

အသက် (၂၇)နှစ်အရွယ် တောင်ပံ ကစားသမား အဆန်စီယိုဟာ လာမယ့်နွေမှာ ရီးယဲလ်ကနေ ထွက်ခွာသွားဖို့ ဆုံးဖြတ်ထားပြီးတဲ့နောက် သူ့ကို စပိန်လူမျိုး နည်းပြ အူနိုင်းအမ်မရီ ကိုင်တွယ်နေတဲ့ ဗီလာအသင်းက ကနဦး ကမ်းလှမ်းမှုတွေ လုပ်ဆောင်လာခဲ့ပါတယ်။ ဒါပေမယ့် အဆန်စီယိုဘက်ကတော့ ဗီလာရဲ့ ကမ်းလှမ်းချက်အပေါ် ချက်ချင်း တုံ့ပြန်ခြင်း မရှိသလို ပီအက်စ်ဂျီကလည်း အဆန်စီယို ကို ကာလရှည် စာချုပ်တစ်ရပ်နဲ့ ဝင်ရောက် ကမ်းလှမ်းလာခဲ့ရာ ဒီကမ်းလှမ်းမှုကိုတော့ အဆန်စီယိုက သဘောကျခဲ့ပြီး လက်ခံသွားဖို့လည်း ဆန္ဒရှိလာခဲ့ပါတယ်။

Photo Credit : Managing Madrid

စပိန်လက်ရွေးစင် ကစားသမား အဆန်စီယိုက လာမယ့်ရာသီ ကွန်းဖရန့်စ်လိဂ်မှာ ဝင်ရောက် ဆင်နွဲခွင့် ရရှိထားတဲ့ ဗီလာကိုသာ ပြောင်းရွှေ့မယ်ဆိုရင် ပွဲကစားခွင့် ပိုမို ရရှိလာနိုင်ပေမယ့် ပီအက်စ်ဂျီကတော့ ဗီလာထက် ပိုမို ကြီးမားတဲ့ အသင်းတစ်သင်း ဖြစ်နေတဲ့အပြင် ပီအက်စ်ဂျီ နှစ်တိုင်းလိုလို ဖလားတစ်လုံးလောက် ရရှိနေပြီး ချန်ပီယံလိဂ်ဝင်ခွင့်ပါ ရရှိနေတာဖြစ်လိ့ အဆန်စီယို အနေနဲ့ ဗီလာထက် ပီအက်စ်ဂျီကိုသာ ရွေးချယ်သွားချင်နေတာပဲ ဖြစ်ပါတယ်။

Photo Credit : Goal

အဆန်စီယို ဟာ ၂၀၁၄ခုနှစ်ကမှ မာယော့ကာကနေ ရီးယဲလ်အသင်းဆီ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ရီးယဲလ်အတွက် ပွဲစဉ်ပေါင်း (၂၈၅)ပွဲ ကစားထားခဲ့သလို (၆၁)ဂိုးအထိ သွင်းယူနိုင်ခဲ့သလို အသင်းနဲ့ ချန်ပီယံလိဂ်ဖလား (၃)ကြိမ် လာလီဂါဖလား (၃)ကြိမ် ဖီဖာ ကလပ်ကမ္ဘာ့ဖလား (၄)ကြိမ် ဥရောပ စူပါဖလား (၃)ကြိမ် ကိုပါဒယ်ရေးဖလား (၁)ကြိမ်နဲ့ စပိန် စူပါဖလား (၂)ကြိမ် ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။

Featured Photo : Indeskonline