မျှော်လင့်ခြင်းပေါင်းများစွာနဲ့ မက်ဒရစ်မြေပေါ်မှာ ခြေချလာခဲ့သူ။ ရာအူး ဂွန်ဇာလက်ဇ် ၊ ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့လို အသင်းရဲ့ legend players ကြီးတွေ ဝတ်ဆင်သွားခဲ့တဲ့ ကျောနံပါတ် (၇)ကို ဆက်ခံခွင့်ရခဲ့သူ။ ရော်နယ်လ်ဒို မရှိတော့တဲ့နောက် ရော်နယ်လ်ဒိုရဲ့ ကွက်လပ်ကို ဖြည့်တင်းနိုင်လိမ့်မယ်လို့ သတ်မှတ်ခံရသူ။ အီဒင် ဟာဇက် ။ အခုထိကို ဒဏ်ရာပြသာနာတွေနဲ့ တိုင်ပတ်လို့ ကောင်းနေတုန်းပါပဲ။

Photo Credit : Deviant Art

လိုင်လီ နဲ့ ချယ်လ်ဆီး အထူးသဖြင့်တော့ ချယ်လ်ဆီးအသင်းမှာ သူက ဘယ်လို ကစားသမားမျိုးလဲ ဘယ်လောက်အထိ အရည်အသွေးကောင်းတွေ ရှိနေသူလဲဆိုတာ သက်သေပြနိုင်ခဲ့တဲ့ ဟာဇက်က ၂၀၁၉ခုနှစ်မှာ သူရဲ့အိမ်မက်ထဲ ဘောလုံးအသင်းကြီးဖြစ်သော ရီးယဲလ် မက်ဒရစ်အသင်းဆီ ယူရို သန်း(၁၀၀)နဲ့ ပြောင်းရွှေ့ဖြစ်ခဲ့ပါတယ်။ လက်ရှိ အချိန်ထိ ရီးယဲလ် သမိုင်းတစ်လျှောက် ဈေးအကြီးဆုံး ကစားသမား ဖြစ်နေရသူ ဟာဇက်က ရီးယဲလ်မှာ ဒဏ်ရာပေါင်းစုံကို ကန်ထရိုက်စွဲထားသလို ရရှိနေပြီး သူရဲ့စွမ်းဆောင်ရည်တွေကလည်း မထင်ထားလောက်အောင်ပါ ကျဆင်းသွားခဲ့ရပါတယ်။

Photo Credit : The Mirror

Performances တွေ ကျသွားတာနဲ့အမျှ တန်ကြေးတွေပါ ကျဆင်းလာလိုက်တာ အခုဆိုရင် အီဒင် ဟာဇက် ရဲ့တန်ကြေးဟာ ရီးယဲလ်ရဲ့ ဈေးအကြီးဆုံး ကစားသမားလို့ ပြောရမှာတောင် ရှက်စရာကောင်းတဲ့ အနေအထားထိ ရောက်နေခဲ့ပါတယ်။ ဟုတ်ပါတယ်။ ယူရို(၅)သန်းပါ။ ပရီးမီးယားလိဂ်ရဲ့ ကြယ်ပွင့် ဘယ်လ်ဂျီယံရဲ့ ကြယ်ပွင့် ဖြစ်ခဲ့ရသူက အခုမှ အသက်(၃၂)နှစ်သာ ရှိနေချိန်မှာပဲ တန်ကြေးက ယူရို(၅)သန်းလောက်သာ ရှိသွားခဲ့ရတာက တော်တော်လေး ရုပ်ပေါက်တယ်လို့ ဆိုရမလိုပါပဲ။

Photo Credit : Managing Madrid

မကြာသေးခင်ကမှ လာလီဂါပွဲစဉ်မှာ ဟာဇက်ရဲ့ assist လေး တစ်ကြိမ် ပြန်လည် မြင်တွေ့ရလို့ ဟာဇက် ပြန်လာတော့မလားဆိုပြီး မျှော်လင့်ခဲ့တာတွေက အခုတော့ game over ဖြစ်သွားခဲ့ရပါတယ်။ အီဒင် ဟာဇက် က အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ်မှာပဲ ဘယ်ဘက် ခြေချင်းဝတ် ဒဏ်ရာ ရရှိသွားခဲ့ရလို့ စစ်ဆေးမှုတွေ လုပ်ဆောင်ပြီး နောက်ထပ် ဘယ်နှစ်ရက် ဘယ်နှစ်ပတ် ဘယ်နှစ်လ နားရဦးမလဲဆိုတာ အဖြေရှာရဦးမှာပဲ ဖြစ်ပါတယ်။

Featured Photo : Sky Sports