မနေ့ညက အယ်တီဟတ်ကွင်းမှာ ကစားသွားခဲ့တဲ့ မန်ချက်စတာ စီးတီး အသင်းနဲ့ ရီးယဲလ် မက်ဒရစ် အသင်းတို့ရဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုကျော့ပွဲစဉ်မှာတော့ အိမ်ရှင် စီးတီးအသင်းက ရီးယဲလ်ကို အကောင်းဆုံး ပုံစံနဲ့ ကစားသွားခဲ့ပြီး (၄)ဂိုး ဂိုးမရှိဆိုတဲ့ ရလဒ်မျိုးနဲ့ပါ အပြတ်အသတ် အနိုင်ယူသွားခဲ့ပါတယ်။

Photo Credit : Sky Sports

ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းကလည်း ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဆင့်မှာပဲ တွေ့ဆုံထားခဲ့ဖူးတဲ့ မန်စီးတီး နဲ့ ရီးယဲလ်အသင်းတို့ဟာ ဒီတစ်ကြိမ်မှာပါ ထိပ်တိုက် ထပ်မံ တွေ့ဆုံကြရပြီး ဒီတစ်ကြိမ်တော့ စီးတီး မနှစ်က ရှုံးကြွေးကို အတိုးရော အရင်းရော အလုံးအရင်းနဲ့ ပြန်ဆပ်ကာ အနိုင်ယူ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းက (6-5) ဆိုတဲ့ ရလဒ်မျိုးနဲ့ ရီးယဲလ်က ဖိုင်နယ်ကို တက်လှမ်းခဲ့ပေမယ့် ဒီရာသီမှာတော့ ဂွာဒီယိုလာရဲ့ စီးတီးအသင်းက (5-1) ဆိုတဲ့ အပြတ်အသတ် ရလဒ်ကြီးတစ်ခုနဲ့ ရှုံးကြွေးဆပ်ရင်း ဖိုင်နယ် တက်သွားခဲ့ပါတယ်။

Photo Credit : Reuters

ရီးယဲလ်ဆိုတာကလည်း တခြား ပြိုင်ပွဲတွေမှာ ဘယ်လို ပုံစံမျိုး ဖြစ်နေပါစေ ချန်ပီယံလိဂ်မှာဆိုရင်တော့ တမုန်းကောင်းတတ်တဲ့ အသင်းဖြစ်လို့ ပထမပိုင်း (၂)ဂိုးပြတ်နဲ့ အရေးနိမ့်နေတာတောင်မှ ဒုတိယပိုင်းမှာ တစ်ခုခု လုပ်ပြနိုင်ဦးမယ်လို့ ယူဆခဲ့ရပါသေးတယ်။ ဒါပေမယ့် အယ်တီဟတ်မှာ တစ်ကြိမ်တစ်ခါမှကို အနိုင်မယူဖူးတဲ့ အစဉ်အလာတွေအရ ချေပဂိုးတွေတောင် မရတော့ပဲ နောက်ထပ် ဂိုးတွေကိုပါ ထပ်မံ ခွင့်ပြုလိုက်ရပါတယ်။ ဒါတောင် ဂိုးသမား ကော်တိုအာ လက်စွမ်းပြ ကာကွယ်နိုင်လို့သာ ဒီထက်မက အရှက်တကွဲ မရှုံးခဲ့ရတာပဲ ဖြစ်ပါတယ်။

Photo Credit : Sky Sports

အခုရလဒ်ကတော့ ဒီရာသီထဲ ဖလား (၃)လုံး အိမ်မက်ကို အကောင်အထည်ဖော်ဖို့ အခြေအနေကောင်းနေတဲ့ စီးတီး အတွက် လုံးဝကို အားတတ်စရာ ရလဒ်မျိုး ဖြစ်သလို တစ်ဖက်က ရီးယဲလ်လို ချန်ပီယံလိဂ် မာစတာကြီးအတွက်တော့ အရှက်ရစရာ ရလဒ်ဖြစ်နေတဲ့အပြင် နည်းပြကြီး အန်ဆလော့တီရဲ့ အနာဂတ်ကိုပါ အဆုံးအဖြတ်ပေးလာနိုင်တဲ့ ရလဒ်မျိုးလည်း ဖြစ်သွားခဲ့ရပါတယ်။

Featured Photo : Manchester City FC