မန်ချက်စတာ ယူနိုက်တက်အသင်းကို မန်ချာစတာ ဘူနိုက်တက်လို့ ရေးထားလို့ မန်ယူ ပရိသတ် ညီအစ်ကိုတွေတောင် စိတ်ဆိုးကြမယ် မထင်ပါဘူး။ ဘာလို့ဆိုတော့ ဒီအသင်းက ချာတူးလန်လွန်းနေပြီး ဘူနေတဲ့ အသင်းတစ်သင်း ဖြစ်နေလို့ပါ။ အခုဆိုရင် မန်ယူက နောက်ဆုံး ကစားထားတဲ့ ပြိုင်ပွဲစုံ (၄)ပွဲမှာတောင် နိုင်ပွဲပျောက်ခဲ့ရတဲ့အပြင် အဲ့ဒီ (၄)ပွဲလုံးမှာလည်း ဂိုးမသွင်းနိုင်တဲ့အထိ ကြောင်ပျောက်ခဲ့ရပါတယ်။

Photo Credit : Football365

မန်ယူက ဒီရာသီမှာဆိုရင် ပြီးခဲ့တဲ့နှစ်က အစုအဖွဲ့ထက် ပိုပြီး အင်အား တောင့်တင်းလာအောင် အားဖြည့်ထားခဲ့တာမို့ ဒီအသင်းကို အနိမ့်ဆုံးတော့ Top 4 လောက် ဝင်နိုင်လိမ့်မယ်လို့ ထင်ကြေးပေးခဲ့ပေမယ့်လည်း မှန်းဆချက်နဲ့က တက်တက်စင်အောင် လွဲခဲ့ပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲကနေ အုပ်စုအောက်ဆုံးနေရာနဲ့ ထွက်ခွာခဲ့ရတဲ့အပြင် မနှစ်က ရယူခဲ့တဲ့ အချိုရည်ဖလားမှာလည်း (၂)ဆင့်သာ ကစားရသေးချိန်မှာပဲ ထွက်ခဲ့ရပြန်ပါတယ်။

Photo Credit : Goal

သူတို့ ဒီရာသီမှာ ခေါ်လိုက်တဲ့ ကစားသမားတွေကလည်း အသင်းအတွက် အကျိုးပေးနေပါတယ်။ အသင်းကို စရောက်လာကတည်းက မကစားနိုင်သေးတဲ့ ကစားသမားတွေနဲ့ ကစားတော့လည်း ဘာမှ ဟုတ်တိပတ်တိ ခြေစွမ်းမပြနိုင်သူနဲ့။ နောက်ပြီး အင်တာမှာ လက်စွမ်းတွေ အသကုန်ပြထားတဲ့ အိုနာနာကလည်း ကောင်း (၁)ပွဲ မကောင်း (၁၀)ပွဲလောက် ဖြစ်နေပါသေးတယ်။ ဟာလန်းနဲ့ ပြိုင်ဘက် ဖြစ်လာမယ်ဆိုတဲ့ ဟွိုင်လန်းက ခုထိ ပရီးမီးယားလိဂ်မှာ ဂိုးမသွင်းနိုင်သေးပဲကို ဖြစ်နေရပါတယ်။

Photo Credit : Fabrizio Romano

တကယ်တော့ ချာနေတာက တစ်သင်းလုံးလို့ပဲ ပြောရမှာ။ နည်းပြကြီး ရွှေခေါင်းပြောင် တန်ဟက်ဂ်ပါ အပါအဝင်ပါပဲ။ ကစားသမား အသုံးပြုပုံတွေ နည်းဗျူဟာ အသုံးပြုမှုတွေက အသင်းအတွက် ဘယ်လိုမှကို အလုပ်မဖြစ်ဘူး။ အခု အသင်းက ဒီဇင်ဘာလထိ ကစားထားရသေးချိန်မှာတောင် ရှုံးပွဲ (၁၃)ပွဲထိ ရှိနေပြီမို့ တန်ဟက်ဂ်ရဲ့ အနာဂတ်ကလည်း ဝေဝါးနေမှာ သေချာပါတယ်။ ဒါပေမယ့် နည်းပြပြောင်းသွားလည်း အသင်းအတွက် တကယ် ပေးဆပ်လိုစိတ် မရှိတဲ့ ဒီကစားသမားတွေနဲ့ကတော့ အသင်းက ဘာမှ ပြောင်းလဲလာမှာ မဟုတ်ပါဘူး။

Featured Photo : Premier League