တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့က Ataturk Olimpiyat ကွင်းကြီးမှာ ယှဉ်ပြိုင်ခဲ့ကြတဲ့ မန်ချက်စတာစီးတီးအသင်း နဲ့ အင်တာမီလန်အသင်းတို့ရဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်မှာ မန်စီးတီး အသင်းက ရိုဒရီရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အင်တာကို အနိုင်ယူပြီး သူတို့အသင်း အလိုချင်ဆုံးသော ချန်ပီယံလိဂ်ဖလားကြီးကို ပထမဆုံးအကြိမ်အဖြစ် ဆွတ်ခူးသွားနိုင်ခဲ့ပါတယ်။

Photo Credit : Twitter

ဒီပွဲမတိုင်ခင်မှာတော့ မန်စီးတီး ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့အတွက် အပြတ်အသတ် ရေပန်းစားနေခဲ့ပြီး တကယ်တမ်း နှစ်သင်း ထိပ်တိုက် ရင်ဆိုင်ရမှာတော့ အင်တာက မန်စီးတီးကို အကောင်းဆုံး ယှဉ်ကစားသွားနိုင်ခဲ့ပါတယ်။ အင်ဇာဂီရဲ့ ပွဲကို ချဉ်းကပ်မှု ကောင်းမွန်ခဲ့တာကြောင့် ဂွာဒီယိုလာရဲ့ မန်စီးတီးအသင်းက ပွဲချိန်တစ်လျှောက် ခက်ခက်ခဲခဲနဲ့ကို ကစားသွားခဲ့ရပြီး ပထမပိုင်း ပွဲချိန်မှာပဲ စီးတီးရဲ့ အဓိက ကစားသမား ဒီဘရိုင်းနားပါ ဒဏ်ရာရသွားခဲ့လို့ ခေါင်းခြောက်ခဲ့ရပါတယ်။

Photo Credit : Twitter

နည်းပြနှစ်ဦးရဲ့ နည်းစနစ် အားပြိုင်မှုမှာ အင်ဇာဂီရဲ့ ဗျူဟာက ပိုအလုပ်ဖြစ်ခဲ့ရပြီး တကယ်လို့ လူကာကူကိုသာ ပွဲအစကတည်းက အသုံးပြုခဲ့မယ်ဆိုရင် ပွဲရလဒ်က တစ်မျိုးတစ်ဖုံ ဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့် လူကာကူက ဒုတိယပိုင်းမှသာ ကစားခဲ့ရပြီး အင်တာရဲ့ ဂိုးရနိုင်တဲ့ အခြေအနေတွေမှာ ပါဝင် ပတ်သက်ခဲ့ပေမယ့် ဂိုးကံခေလွန်းခဲ့ကာ ဂိုးမရနိုင်ခဲ့သလို အပိုင်အခွင့်အရေးတွေကိုလည်း အသုံးမချနိုင်ပဲ ဖြစ်ခဲ့ပါတယ်။ ဒီလို ဖြစ်နေချိန်မှာ big game players တွေ ပေါသောနေတဲ့ စီးတီးဘက်က ကွင်းလယ်လူ ရိုဒရီရဲ့ ဧရိယာပြင်ကနေ ဂိုးကန်ချက်နဲ့ အနိုင်ဂိုးကို သွင်းယူပေးရင်း မန်စီးတီး တို့ ချန်ပီယံ ဖြစ်လာခဲ့ရပါတယ်။

Photo Credit : Twitter

အခုတော့ မန်စီးတီး အသင်းက အသင်းသမိုင်းတစ်လျှောက် တစ်ကြိမ်မှ မပိုင်ဆိုင်ဖူးသေးတဲ့ ချန်ပီယံလိဂ်ဖလားကြီးကို အရ ဆွတ်ခူးနိုင်ခဲ့သလို အင်္ဂလန် ဘောလုံးသမိုင်းတစ်လျှောက် ပရီးမီးယားလိဂ်ဖလား+အက်ဖ်အေဖလား+ချန်ပီယံလိဂ်ဖလားတို့နဲ့ ဒုတိယမြောက် Treble Champions အသင်းအဖြစ် မှတ်တမ်းဝင်သွားခဲ့ရပါတယ်။ စီးတီးနည်းပြ ဂွာဒီယိုလာကလည်း ၂၀၀၇-၂၀၀၈ တုန်းကလည်း ဘာစီလိုနာကို တစ်ရာသီတည်း ဖလား (၃)လုံးကို ရယူပေးနိုင်ခဲ့တာကြောင့် ဥရောပ ဘောလုံးသမိုင်းမှာ ဖလား (၃)လုံး နှစ်ကြိမ်အထိ ရယူနိုင်ခဲ့တဲ့ ပထမဆုံး နည်းပြအဖြစ်ပါ စံချိန်တင်သွားခဲ့ရပါတယ်။