မန်ချက်စတာ ယူနိုက်တက်အသင်းကို နည်းပြကြီး ဆာ အဲလက်စ် ဖာဂူဆန် ကိုင်တွယ်ပြီးနောက်ပိုင်း (၁၀)နှစ်တာအတွင်းမှာပဲ နည်းပြပေါင်းများစွာ အပြောင်းအလဲတွေ လုပ်ဆောင်ခဲ့ရပါတယ်။ ဘယ်နည်းပြကမှ မန်ယူအသင်းအတွက် (၃)နှစ်လောက်အထိတောင် ကိုင်တွယ်ရခြင်း မရှိပဲ အခုဆိုရင် အဲရစ် တန်ဟက်ဂ်က ဖာဂူဆန်နောက်ပိုင်း မန်ယူရဲ့ (၈)ယောက်မြောက် နည်းပြ ဖြစ်နေရပါတယ်။ လတ်တလောမှာလည်း တန်ဟက်ဂ်ဟာ သူ့အရှေ့က မန်ယူနည်းပြတွေလို အသင်းကနေ ထွက်ခွာရဖို့ အတော်လေး နီးစပ်လာခဲ့ပါပြီ။

Photo Credit : The Sun

အရင်တုန်းက မန်ယူအသင်းကို ကိုင်တွယ်ခဲ့ဖူးတဲ့ နည်းပြဟောင်းတွေထဲကမှ ဒေးဗစ် မိုရက်စ် ၊ လူးဝစ် ဗန်ဟားလ် ၊ ဂျိုဆေး မော်ရင်ဟို နဲ့ အိုလေ ဂန်နာ ဆိုးလ်ရှားတို့ဟာ လီဗာပူးလ် ကျိန်စာလို့ ခေါ်ရမယ့် ဆိုးရွှားတဲ့ အကြောင်းအရာတွေကို ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။ ဖာဂူဆန် အသင်းကနေ ထွက်ခွာပြီး ဖာဂူဆန်နေရာ အစားဝင်လာတဲ့ မိုရက်စ်ဟာ ၂၀၁၄တုန်းက အိုးထရက်ဖို့ဒ်မှာ လီဗာပူးလ်ကို (0-3)နဲ့ ရှုံးနိမ့်ပြီးနောက်မှာပဲ ဖိအားဒဏ်တွေ ဝင်လာခဲ့ရင်း တစ်လအကြာလောက်မှာ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။

Photo Credit : The Sun

မိုရက်စ်အပြီး နယ်သာလန် နည်းပြကြီး ဗန်ဟားလ် အသင်းကို ရောက်လာချိန်မှာလည်း ၂၀၁၆တုန်းက ယူရိုပါလိဂ် (၁၆)သင်းအဆင့်မှာ လီဗာပူးလ်နဲ့ ဆုံတွေ့ရင်း နှစ်ကျော့ပေါင်း (3-1)နဲ့ ရှုံးနိမ့်ရင်း ပြိုင်ပွဲက ထွက်ခဲ့ရပါတယ်။ ဗန်ဟားလ်က အဲ့ဒီနှစ်မှာပဲ အက်ဖ်အေဖလားကို ရယူပေးနိုင်ခဲ့ပေမယ့်လည်း ရာထူးကနေ ထုတ်ပယ်ခံရပြန်ပါတယ်။

Photo Credit : The Sun

ပိုပြီး ထူးဆန်းတာကတော့ နောက်ထပ် မန်ယူနည်းပြ ဖြစ်လာခဲ့တဲ့ မော်ရင်ဟိုဟာလည်း ၂၀၁၈ခုနှစ်တုန်းက အန်ဖီးလ်မှာ လီဗာပူးလ်ကို (3-1) နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ဒီပွဲက သူ့အတွက်တော့ မန်ယူ နည်းပြဘဝ နောက်ဆုံးပွဲစဉ်ပါ ဖြစ်သွားခဲ့ပါတယ်။

Photo Credit : The Sun

မော်ရင်ဟိုပြီးနောက် မန်ယူ နည်းပြဖြစ်လာခဲ့ရတဲ့ ဆိုးလ်ရှားဟာလည်း ၂၀၂၁ခုနှစ်ထဲမှာ လီဗာပူးလ်ကို (၅)ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ပြန်ပြီး အဲ့ဒီလအတွင်းမှာပဲ ဆိုးလ်ရှားပါ ထပ်မံပြီး အထုတ်ပယ်ခံရပြန်ပါတယ်။

Photo Credit : The Sun

အခုဆိုရင် မန်ယူက နည်းပြ တန်ဟက်ဂ် လက်ထက်မှာ ရှိနေပြီး မနှစ်ကလည်း လီဗာပူးလ်ကို (၇)ဂိုးပြတ်နဲ့ပါ အရှုံးပေးခဲ့ရပါသေးတယ်။ အခု ထပ်မံပြီး အန်ဖီးလ်မှာ ထပ်မံ ကစားရမယ့် အချိန်မှာ တန်ဟက်ဂ်အနေနဲ့ အမှားခံလို့ မဖြစ်တော့တဲ့ အခြေအနေကို ရောက်ရှိနေပြီး တကယ်လို့ ရှုံးနိမ့်ရဦးမယ်ဆိုရင်တော့ တန်ဟက်ဂ်အနေနဲ့လည်း မန်ယူနည်းပြ ရာထူးကို နှုတ်ဆက်သွားရဖို့ ရှိနေပါတယ်။

Featured Photo : The Sun