မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နောက်ခံ ကစားသမားဟောင်း ဖီးလ်ဂျုံးစ်ကတော့ လက်ရှိမှာ ယူနိုက်တက် ကစားသမား မဖြစ်တော့တာတောင်မှ အသင်းအပေါ် ချစ်မြတ်နိုးစိတ် အပြည့်ရှိနေသေးတာကြောင့် နောက်ထပ် အသင်းသစ်တစ်သင်း မရှာသေးပဲနဲ့ အသင်းရဲ့ လူငယ် အကယ်ဒမီမှာပါ နည်းပြအဖွဲ့ဝင်အဖြစ် စတင် ဆောင်ရွက်နေပါတယ်။

Photo Credit : Sky Sports

အင်္ဂလန် လက်ရွေးစင်ဟောင်း ဗဟို နောက်ခံလူ ဖီးလ်ဂျုံးစ်ဟာ မန်ယူမှာ ကစားနေစဉ်တုန်းက အသင်းဖော် ဂိုးသမား ဒေးဗစ် ဒီဂီယာထက်တောင် အသင်းရဲ့ သက်တမ်းရင့် ကစားသမားတစ်ဦးဖြစ်ပြီး သူ့ကို မန်ယူအသင်းဆီ နည်းပြကြီး ဆာ အဲလက်စ် ဖာဂူဆန်ကိုယ်တိုင် ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ ဘလက်ဘန်းအသင်းမှာ အထင်ကြီးလောက်စရာ ခံစစ် စွမ်းဆောင်ရည်တွေ ပြသနိုင်ခဲ့လို့ ဂုရုကြီး ဖာဂူဆန်က သူရဲ့ မန်ယူအသင်းဆီ အရ ခေါ်ဆောင်ခဲ့ပေမယ့်လည်း ဖီးလ်ဂျုံးစ်က ဒဏ်ရာ ပြသာနာတွေကြောင့် မန်ယူမှာ တောက်ပနိုင်ခြင်း မရှိခဲ့ပဲ တိမ်မြုပ်သွားခဲ့ရပါတယ်။

Photo Credit : Bleacher Report

အသက် (၃၁)နှစ်အရွယ်သာ ရှိသေးတဲ့ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီနောက်ပိုင်း အသင်းအတွက် စုစုပေါင်း (၁၃)ပွဲသာ ကစားနိုင်တော့ပြီး မန်ယူမှာ (၁၂)ရာသီအထိ ရှိနေခဲ့တာတောင် ပြိုင်ပွဲစုံ စုစုပေါင်း (၂၂၉)ပွဲသာ ကစားခွင့် ရခဲ့ပါတယ်။ ဒါကြောင့်လည်း မန်ယူက ဒီနွေမှာ ဂျုံးစ်ရဲ့ စာချုပ်သက်တမ်းကို ထပ်မံ သက်တမ်းမတိုးတော့ပဲ အသင်းကနေ အလွတ် ပြောင်းရွှေ့ကြေးနဲ့သာ ထွက်ခွာခွင့်ပြုလိုက်ပါတယ်။ အသင်းလက်မဲ့ ဖြစ်သွားတဲ့ ဖီးလ်ဂျုံးစ်က ကစားသမားဘဝကို ဆက်လက် ဖြတ်သန်းသွားဖို့အတွက် ကလပ်အသင်းသစ် တစ်သင်းကို မရှာတွေ့တော့ပဲ ကစားသမားဘဝကို အပြောင်းအလဲ လုပ်ဆောင်ဖို့အထိ စီစဉ်လာပါတော့တယ်။

Photo Credit : The Sun

Free Agent ကစားသမား ဖြစ်သွားခဲ့တဲ့ ဂျုံးစ်ဟာ PFA စီးပွားရေးကျောင်း နဲ့ ကမ္ဘာဘောလုံးဆိုင်ရာ ဘောလုံး အားကစားဒါရိုက်တာ သင်တန်းကို တက်ရောက်လျက် ရှိနေပြီး A လိုင်စင် ရရှိဖို့အတွက် လက်ရှိမှာ မန်ယူ လူငယ် အကယ်ဒမီမှာ သူရဲ့ တာဝန်တွေကို စတင် လုပ်ဆောင်နေပြီပဲ ဖြစ်ပါတယ်။

Featured Photo : The Sun