မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ တောင်ပံ တိုက်စစ် ကစားသမား ဂျေဒန် ဆန်ချိုဟာ အသင်းနည်းပြ အဲရစ် တန်ဟက်ဂ်နဲ့ မပြေလည်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက် တန်ဟက်ဂ်အပေါ် တောင်းပန်မှုတွေလည်း လုပ်ဆောင်ခြင်း မရှိသေးတဲ့အတွက် သူရဲ့ မန်ယူကစားသမားဘဝ အနာဂတ်က လုံးဝကို အဆုံးသတ်သွားရဖွယ်သာ ရှိနေပြီး လာမယ့် ဆောင်းဈေးကွက်မှာပဲ အသင်းကနေ ထွက်ခွာသွားရနိုင်ပါတယ်။

Photo Credit : BeSoccer

အသက် (၂၃)အရွယ် မန်စီးတီး အကယ်ဒမီထွက် အင်္ဂလန် တောင်ပံကစားသမား ဆန်ချိုဟာ သူ့အသင်းဟောင်း ဒေါ့မွန်မှာ အလွန် တောက်ပခဲ့တဲ့ ကြယ်ပွင့်ကစားသမားတစ်ဦး ဖြစ်ပါတယ်။ ဒေါ့မွန်နဲ့အတူ ဘွန်ဒက်စ်လီဂါမှာ (၄)ရာသီဆက်တိုက် အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့လို့ သူ့ကို မန်ယူနိုက်တက်က အင်္ဂလန်မြေဆီ အရ ခေါ်ယူခဲ့တာ ဖြစ်ပေမယ့်လည်း မွေးရပ်မြေဆီ ပြန်ရောက်လာခဲ့တဲ့ ဆန်ချိုက မန်ချက်စတာမှာ ခြေစွမ်းပြဖို့ ရုန်းကန်နေရသလို အခုဆိုရင်လည်း အသင်းနည်းပြနဲ့ပါ တင်းမာမှုတွေ ဖြစ်ပွားနေရပါသေးတယ်။

Photo Credit : Eurosport

လက်ရှိမှာ တန်ဟက်ဂ်နဲ့သာမကပဲ မန်ယူအသင်းရဲ့ တာဝန်ရှိသူတွေနဲ့ပါ အဆင်မပြေ ဖြစ်နေရတဲ့ ဆန်ချိုရဲ့အနာဂတ် အခြေအနေတွေက ပိုဆိုးသထက် ဆိုးလာခဲ့တဲ့အပြင် ခရစ္စတယ် ပဲလေ့စ်ကို (၃)ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ လိဂ်ဖလားပွဲစဉ်အပြီး သတင်းစာ ရှင်းလင်းပွဲအတွင်းမှာလည်း သတင်းထောက်တွေက ဆန်ချိုအကြောင်း တန်ဟက်ဂ်ကို မေးမြန်းလာခဲ့ရာ အသင်းအတွက် ကစားနိုင်ခြင်း မရှိတဲ့ ကစားသမားအကြောင်းကို မပြောကြားလိုဘူးလို့ တန်ဟက်ဂ်က တုန့်ပြန်သွားခဲ့ပါသေးတယ်။

Photo Credit : The Guardian

ဂျာမန်သတင်းစာတွေရဲ့ ဖော်ပြချက်တွေမှာတော့ ဆန်ချိုက ညဘက်တွေမှာ သေချာ အိပ်စက်လေ့မရှိပဲ Xbox ဂိမ်းတွေကို ညလုံးပေါက် ကစားနေတတ်တာကြောင့် ဒီအမှုအကျင့်ဟာ သူရဲ့ ကစားသမားဘဝကို ထိခိုက်စေတယ်လို့ ဖော်ပြလာပါတယ်။ ဒါ့အပြင် ဆန်ချိုက ဒီရက်ပိုင်းအတွင်းမှာပဲ သူရဲ့ အင်စတာဂရမ်ကိုပါ Deactivated လုပ်ဆောင်ထားခဲ့သေးပြီး ဒီအကြောင်းကိစ္စနဲ့ ပတ်သက်ပြီး တန်ဟက်ဂ်ကို မေးမြန်းခဲ့ရာမှာလည်း သူမသိကြောင်း နဲ့ ဒါက ဆန်ချိုရဲ့ကိစ္စသာဖြစ်ကြောင်း ဖြေဆိုသွားခဲ့ပါတယ်။

Featured Photo : talkSPORT